တချိန်က လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ဟီးရီုးဟောင်း စတိဗ်နီကိုးကတော့ ဒီနွေမှာ ထရန့်ကို ရီးရဲလ်မက်ဒရစ်ထံ ရောင်းချလိုက်ဖို့ အကြံပေးမှု ပြုလုပ်လာပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် အထင်ကြီးခြင်း ခံထားရတဲ့ ထရန့်ဟာ လီဗာပူးမှာ ကွင်းလယ်ကို ပြောင်းကစားစ ပြုလာပေမယ့် ရီးရဲလ်ကတော့ ညာအစွန်နေရာအတွက် သူ့ကို ခေါ်ယူလိုနေတာပါ။

လီဗာပူးမြို့ဖွား ထရန့်ဟာ အသင်းနဲ့ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိထားကာ စာချုပ်သစ်ကိစ္စကို ဒီနွေကျရင် ရစ်ချက်ဟုချ်တို့က စကားပြောလာဖို့ ရှိနေပါတယ်။ ပရိသတ်ကြိုက် ကစားသမားဖြစ်သလို ကိုယ်တိုင်ကလည်း လီဗာပူးမှာပဲ အနားယူတဲ့ထိ ကစားလိုတဲ့ ထရန့်ကို ရောင်းချစေချင်တဲ့ အကြောင်းရင်းက ရှိနေပါတယ်။

အန်ဖီးမှာ ၁၄ နှစ်ကြာ ကစားခဲ့တဲ့ နီကိုးကတော့ ထရန့်ထက် ဘရတ်ဒလေကို ပိုသဘောကျနေပြီး မြောက်အိုင်ယာလန်သားကို ပိုမို နေရာပေးစေချင်တာပါ။

‘ သူတို့ နှစ်ဦးထဲ ဘယ်သူကိုပဲ အားပေးပေးပါ၊ ထရန့်က ခံစစ်သမားကောင်း မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်က ဘယ်လောက် ကမ်းလှမ်းမလဲ မသိဘူး။ ပေါင် သန်း ၆၀၊ သန်း ၇၀၊ သန်း ၈၀ လောက်နေမှာပေါ့။

ခံစစ်ပိုင်း ကာကွယ်ပုံ အပုံကြီးသာတဲ့ ကော်နာဘရတ်ဒလေလို လူငယ်ကြယ်ပွင့် ရှိနေချိန် ထရန့်ကို ရောင်းသင့်ပါတယ်။ ဘရတ်ဒလေက တိုက်စစ်လိုက်ရာမှာလည်း ထရန့်လောက် နီးနီးကို ကောင်းပါတယ် ‘ လို့ စတိဗ်နီကိုးက မှတ်ချက်ပေးလာတာပါ။

စတိဗ်နီကိုးက ထရန့်ကို သဘောမကျတာ အခုမှတော့ မဟုတ်ပါဘူး။ ညာအစွန်လူရဲ့ ခံစစ်ပိုင်း အားနည်းချက်ဟာ လီဗာပူးအတွက် အာခီလီခြေဖနှောင့်လို ဖြစ်နေကြောင်းကို တောက်လျှောက် ဝေဖန်ထားဖူးတာ ဖြစ်ပါတယ်။