ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်းကြီး ပီတာခရော့ချ် ကတော့ လီဗာပူးအသင်းဟာ ဒီရာသီ ကလော့ပ်ရဲ့ နောက်ဆုံး နှုတ်ဆက် ရာသီ လက်ဆောင် အဖြစ် ပရီးမီးယားလိဂ် ဖလားကို သေချာပေါက် အရယူနိုင်မယ် လို့ သုံးသပ် ခန့်မှန်းလားပါတယ်။

လီဗာပူး တိုက်စစ်မှုးဟောင်းကြီး ဖြစ်တဲ့ ခရော့ချ်ဟာ ရာသီအစတည်းက လီဗာပူး ဒီရာသီ ကလော့ပ် အတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် ဖလား ရယူလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာပါ။

ပရီးမီးယားလိဂ် ၁ဝ ပွဲ ကျန် အနေအထားမှာ အာဆင်နယ် အသင်းကလည်း တောက်ပလာနေပြီး ဂန်းနားတို့ကို ထည့်တွက်ရတော့မယ် လို့လည်း ခရော့ချ်က ဝန်ခံခဲ့ပါတယ်။

တိုက်စစ်မှုးဟောင်းကြီး ပီတာခရော့ချ် က ” ရာသီအစက ကျွန်တော် လီဗာပူး ပရီးမီးယားလိဂ် ရမယ် ပြောခဲ့တယ်။ ဒီအပြော အပေါ် လူတော်တော် များများက မင်း ဘက်လိုက်တာပါကွာ ပြောခဲ့ကြမယ်၊ သူတို့ ပြောတာ နည်းနည်းတော့ မှန်လောက်ပါတယ်။

ဒါပေမယ့် အခုတော့ အာဆင်နယ်ကိုပါ ကျွန်တော် ထည့်ပြောရတော့မယ် ထင်တယ်။ မန်ချက်စတာ စီးတီးကလည်း ဒီတလော အစဉ်အလာတွေ အရ သေချာပေါက် ရေပန်းစားတဲ့ အသင်းပါ။ မြင်းနှစ်ကောင်တည်း ပြေးတဲ့ ပြိုင်ပွဲမှာ အာဆင်နယ် ဝင်ပါလာပါပြီ။

အာဆင်နယ် ကစားခဲ့တဲ့ ပွဲ အရေအတွက် အရ နိုင်ခဲ့တဲ့ ပွဲတွေက အားရစရာပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ လီဗာပူး ဘက်ကပဲ ဆက်ရှိနေမယ်။ သူတို့ လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်နေတုန်းပဲ။ ” လို့ သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။