လက်တလောမှာ စပိန်ကလပ်တွေထံက ကမ်းလှမ်းမှု မရှိသေးပေမယ့် အနာဂတ်မှာ မက်ဒရစ်ကလပ် တစ်သင်းသင်းအတွက် သူ့သားဖြစ်သူ ကစားခွင့်ရဖို့ မျှော်လင့်တယ်လို့ လူးဝစ် ဒီယက်ဇ်ရဲ့ ဖခင်က ထုတ်ပြောခဲ့ပါတယ်။

ဒီတလောမှာ ဒီယက်ဇ်နဲ့ စပိန်ကလပ်တွေကြား အပြောင်းအရွှေ့ အသံအချို့ ထွက်ပေးနေပါတယ်။ သတင်းထောက် ရိုမန်နိုကလည်း ဒီယက်ဇ်ကို မက်ဒရစ်ကလပ်တွေ စိတ်ဝင်စားနေကြောင်း ရိပ်ဖမ်းသံဖမ်းတွေ ဖော်ပြနေတာပါ။

ဒီအပတ် စပိန်အခြေစိုက် သတင်းဌာနနဲ့ ဒီယက်ဇ်ရဲ့ ဖခင်တို့ အင်တာဗျူး မေးမြန်းရာမှာ လီဗာပူးကို မပြောင်းခင် မက်ဒရစ်ကို ပြောင်းလာဖို့ ဖြစ်ခဲ့သေးလားဆိုတဲ့ မေးခွန်း ပါဝင်ခဲ့ပါတယ်။

ဒီယက်ဇ်ရဲ့ ဖခင်က “ မက်ဒရစ်အသင်းတွေထံက အကောင်းမြင်စရာ အခြေအနေမျိုး ဖြစ်ခဲ့တယ် မထင်ပါဘူး။ ကျနော်လည်း သတင်းတွေကြားပါတယ်။ ဒါပေမယ့် တစ်သင်းသင်းနဲ့ ကိစ္စထူးတွေတော့ မကြားမိပါဘူး။

လီဗာပူးကပဲ ပိုပြီး စိတ်ဝင်စားခဲ့တာပါ။ လူးဝစ် လီဗာပူးကို ရောက်လာဖို့ကပဲ ပိုသေချာခဲ့ပါတယ်။

မက်ဒရစ်မှာ ဖယ်ကာအို၊ ဂျိမ်းစ်တို့ကလည်း ကစားခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ကို လူးဝစ် ဇ် မပြောင်းခဲ့ရပေမယ့် မျှော်လင့်ချက်တွေ မဆုံးရှုံးသေးပါဘူး။ လူးဝစ်ကစားပုံ ကောင်းနေတာမို့ မက်ဒရစ်ကလပ်တွေကလည်း စိတ်ဝင်စားနေမှာပါ ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဒီယက်ဇ်ဟာ ဒီရာသီ လီဗာပူးအသင်း အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရနေတာဖြစ်ကာ နွေမှာ သူ့အတွက် ကမ်းလှမ်းမှုတွေ ရှိလာမလားနဲ့ လီဗာပူးဘက်ကကော နားထောင်ပေးမလား မသိနိုင်သေးတာ ဖြစ်ပါတယ်။