ဒီရာသီ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ဆိုရင် ဒီအပတ် မန်စီးတီးကို သေချာပေါက် အနိုင်ရယူဖို့ပါပဲလို့ ဂယ်ရီနဗီးက ထောက်ပြလာပါတယ်။

အာဆင်နယ်ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးသော ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။ ဒါပေမယ့် ဂန်းနားတွေဟာ မန်စီးတီးနဲ့ လီဗာပူးတို့ကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေသေးတာပါ။

‘ ဖလားပြိုင်ဆိုင်မှုအရ ဒီရာသီ ချန်ပီယံဖြစ်လိုရင် တနင်္ဂနွေပွဲကို အာဆင်နယ်အသင်း နိုင်မှပဲ ရပါမယ်။ စီးတီးက ပရီးမီးယားလိဂ်ဖလား အနိုင်ရဖို့ ရေပန်းစားတာ လူတိုင်းသိပါတယ်။ သူတို့က ဒီအပတ်ပွဲကို ရှုံးရင်တောင် ၈ ပွဲဆက် အနိုင်ရအောင် တုန့်ပြန်နိုင်ပါတယ်။ အာဆင်နယ်တော့ အဲ့လို လုပ်နိုင်မယ် မထင်ပါဘူး။

ဒီပွဲကို အာဆင်နယ်အသင်း အနိုင်ရဖို့လိုအပ်တာက လက်ကျန်ပွဲတွေမှာ စီးတီးထံက ရမှတ်ခွဲနိုင်မယ့် အသင်း ရှိမယ် မထင်လို့ပါပဲ။ ဒါက ဘောလုံးဆိုတော့ မန်စီးတီးကလည်း အမှတ် လျော့တာတော့ လျော့နိုင်ပါသေးတယ်။

တနင်္ဂနွေနေ့ပွဲကတော့ အရေးကြီးပါတယ်။ သရေကျခဲ့ရင် စီးတီးက စိတ်ပျက်နေမှာပါ ဒါပေမယ့် သူတို့ကို ထိခိုက်စေဖို့ဆိုရင် အာဆင်နယ်တို့ အနိုင်ရမှပဲ ဖြစ်နိုင်ပါလိမ့်မယ် ’ လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက ပရီးမီးယားလိဂ် ဖိုင်နယ်ပွဲလို့ ကြွေးကြော်ထားတာကြောင့် ဒီအပတ်ပွဲကို အနိုင်ကန်ဖို့ အားထုတ်မှာ သေချာပါတယ်။ အဲ့လို အသင်းကို ချိုးနိမ့်နိုင်ရင် အာဆင်နယ်အသင်း ပိုင်ဆိုင်သွားမယ့် ယုံကြည်မှုက ကြီးမားလွန်းလှတယ်လို့ နဗီးက ပြောပါသေးတယ်။

‘ ဒီအပတ်ပွဲကို အာဆင်နယ်တို့ အနိုင်ရရင် ယုံကြည်မှုပိုင်း သိပ်ကို အားကောင်းသွားမယ်၊ မန်စီးတီးကို ထိခိုက်စေပါလိမ့်မယ်။ ကစားသမားတွေ မန်နေဂျာတွေအတွက် သိပ်ကို အရေးကြီးတဲ့ပွဲပါပဲ။ ကလော့ပ်နဲ့ ဂွာဒီယိုလာတို့က ဒီလို ကြီးကျယ်တဲ့ အခိုက်အတန့်ကို ကိုင်တွယ်နိုင်စွမ်း ရှိပါတယ် ’ လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။