ဒီအပတ် အီတီဟတ်မှာ ယှဉ်ပြိုင်ကစားရမယ့် မန်စီးတီး vs အာဆင်နယ်ပွဲ ဘယ်လိုတွေ ချဉ်းကပ်လာနိုင်သလဲနဲ့ ပွဲအပြီး ထွက်ပေါ်လာနိုင်တဲ့ ရလဒ်ကို ဂန်းနားဟောင်း ဖာဘရီဂတ်စ်က အခုလို ခန့်မှန်းသွားပါတယ်။

ဖာဘရီဂတ်စ်က ‘ ဂွာဒီယိုလာက ပွဲတွေကို တူညီတဲ့ ပုံစံနဲ့ပဲ အမြဲတမ်း ချဉ်းကပ်ပါတယ်။ ပွဲတွေကို နိုင်ရမယ်၊ တိုက်စစ်အားသန် လူစာရင်းကို သုံးပါမယ်။ ဘယ်အသင်းနဲ့ ရင်ဆိုင်ရပါစေ ဒီလမ်းစဉ်ပါပဲ။

သူက လူငယ်တွေကို နေရာပေးဖို့လည်း ကြောက်ရွံ့နေတာ မရှိဘူး။ ခံစစ်မှာတော့ အရှိန်ကောင်းပြီး အရည်အချင်းရှိသူတွေ ပိုလိုပါတယ်။ ဝေါ်ကာမပါနိုင်တာ သူတို့အတွက် ထိခိုက်မှုကြီးပါ။ မန်စီးတီးက ခံစစ်ကို high line ကစားတာကြောင့် ဝေါ်ကာပါရင် ယုံကြည်စိတ်ချရမှုကို ခံစားရပါတယ်။

မန်စီးတီးက ဘောလုံးမရှိချိန်တွေမှာ အမြန်ပြန်ရအောင် ကြိုးစားပေးမယ့် လှုပ်အားနှုန်းကောင်းတဲ့ ကစားသမား ၂ ဦး၊ ၃ဦးတော့ ရှိပါတယ်။

ဒီရာသီ လူသစ် အချို့နဲ့အတူ အာဆင်နယ်အသင်းက မနှစ်ကထက် အများကြီး တိုးတက်လာတယ်၊ သူတို့ ရင့်ကျက်လာတယ်၊ ကောင်တာကစားနိုင်သလို ဘောလုံးကို ထိန်းထားနိုင်ပြီး ခံစစ်ကို အရှေ့ပဲတက်တက် အနောက်မှာပဲ ပိတ်ပိတ် ကစားနိုင်ပါတယ်။

သူတို့ ဒီပွဲနိုင်ဖို့လိုတာကို သိနေမှာပါ။ ဒါက အာဆင်နယ်အတွက် စိန်ခေါ်မှုပါ။ ဒီစိန်ခေါ်မှုကို သူတို့ လုပ်နိုင်မလား စောင့်ကြည့်ရပါမယ်။ လူတိုင်း ထင်ထားတာထက် အာဆင်နယ် ပိုလုပ်ပြနိုင်သလို သူတို့က ပြိုင်ဘက်တွေကို အံ့အားသင့်စေမယ်လို့ ထင်ပါတယ်။

ကျနော်ကတော့ ပုံစံကောင်းရနေတဲ့ နှစ်သင်းလုံးနဲ့ ပတ်သက်ပြီး ကိုယ်မြင်တဲ့ အချက်တွေ၊ ကိုယ်ခံစားရမှုတွေ၊ ဒဏ်ရာပြဿနာတွေကို အခြေခံပြီး ခန့်မှန်းချက် ထုတ်တာပါ။ ကျနော် စိတ်ထဲမှာတော့ အာဆင်နယ်က ၂-၁ နဲ့ အနိုင်ရသွားမယ် တွက်ဆထားပါတယ် ’ လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။