အာဆင်နယ်အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဒီကလန်ရိုက်စ်ကတော့ ဒီနွေမှာ ဂန်းနားတို့ထံ ပြောင်းလာပြီးတဲ့နောက် သူ့ရဲ့ ပထမဆုံး သူငယ်ချင်းက ဘယ်သူလဲဆိုတာကို ထုတ်ဖော်ခဲ့ပါတယ်။

ရိုက်စ်က ” ထရော့ဇတ်က ပထမဆုံး အာဆင်နယ် အသင်းဖော် သူငယ်ချင်းဖြစ်မယ် ထင်ပါတယ် ” လို့ အာဆင်နယ်ဝဘ်ဆိုဒ်ကနေ ပြောလာပါတယ်။

အသင်းသစ်မှာ အခြေချရာမှာ ထရော့ဇတ်ထံက အကူအညီတွေ အများကြီး ရခဲ့ကြောင်း ရိုက်က ထုတ်ပြောခဲ့သလို အခုဆိုရင်တော့ အသင်းဖော် အားလုံးနဲ့ ခင်မင်နေပါပြီလို့လည်း ပြောပြခဲ့ပါတယ်။

” ထရော့ဇတ်နဲ့ သူငယ်ချင်းဖြစ်ရတာ ကောင်းပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းပြီး ရက်ပိုင်းအကြာ အမေရိကကို ထွက်ခွာချိန်မှာ သူက လေ့ယာဉ်မှာ ကျနော်ဘေးက ထိုင်ခဲ့သူ ဖြစ်ပါတယ်။

ဘောလုံးအကြောင်း၊ ကစားသမားတွေအကြောင်း၊ ကျနော် အပြောင်းအရွှေ့ သူ့ အပြောင်းအရွှေ့ကိစ္စ၊ အာဆင်နယ်မှာ ရှိရတဲ့ သူ့ရဲ့ ကာလ၊ မန်နေဂျာ စတဲ့ ကိစ္စတွေ အများကြီးအကြောင်း ကျနော်တို့ စကားပြောခဲ့တယ်။

ရာသီကြို ခရီးစဉ်မှာပဲ သူနဲ့ ကျနော်ကြား အတော်လေး ရင်းနှီးသွားခဲ့တယ် ထင်ပါတယ်။ အချိန်တွေကြာလာတော့ အသင်းဖော်တွေနဲ့ ပိုမို ရင်းနှီးလာခဲ့တယ်။ အခုတော့ အားလုံးက သူငယ်ချင်းကောင်းတွေ ဖြစ်နေကြပါပြီ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။