ဒီအပတ် အီတီဟတ်မှာ အာဆင်နယ်က မန်စီးတီးကို နိုင်ဖွယ်လမ်း မရှိဘူးလို့ ရွိုင်ကိန်းက ထုတ်ပြောလာပါတယ်။

အမှတ်ပေးဇယားထိပ်မှာ မန်စီးတီးကို ၁ မှတ်ဖြတ်ထားတဲ့ အာဆင်နယ်အသင်းဟာ ဒီပွဲ အနိုင်ရရင် ၄ မှတ်ဖြတ်နိုင်တော့မှာပါ။ တနည်းအားဖြင့် မန်စီးတီးကို ချန်ပီယံပြေးလမ်းက ဖယ်ထုတ်နိုင်မယ့် ပွဲစဉ်ဖြစ်ပေမယ့် အဲ့လိုရလဒ် မထွက်နိုင်ကြောင်း ကိန်းက ပြတ်ပြတ်သားသား ပြောပါတယ်။

ရွိုင်ကိန်းက ‘ အကောင်ကြီးကြီးတွေ ကစားကြတဲ့ပွဲက ရောက်လာပါပြီ။ အာဆင်နယ် ဒီပွဲမှာ နိုင်မှာ မဟုတ်ဘူး။ သူတို့ မန်စီးတီးကို အနိုင်ယူနိုင်ဖို့ မရှိပါဘူး။ ကျနော်ကတော့ စီးတီးက ၂-၁ နဲ့ နိုင်သွားမယ် ထင်ပါတယ်။ ဒီပွဲ အာဆင်နယ် မနိုင်ပါဘူး ’ လို့ သုံးသပ်ခဲ့ပါတယ်။

ကိန်းရဲ့ ခန့်မှန်းချက်ကို ဂန်းနားဟောင်း အီရန်ရိုက်က သဘောမကျဘဲ ဒီပွဲမှာ သူတို့အသင်းကလည်း နိုင်နိုင်ချေ ရှိပါတယ်လို့ အကောင်းမြင်နေပါတယ်။

ရိုက်ကလည်း ‘ အာဆင်နယ်က မန်စီးတီးကို နိုင်မှာပါ၊ ဘာလို့ ဒီလိုပြောရလဲဆိုရင် အာဆင်နယ်က စီးတီးကို နိုင်ထားခဲ့ပြီးပါပြီ။ လိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့ အသင်းက ဒီပွဲကို မနိုင်ဘူးလို့ ဘာကြောင့် တွေးထားရမှာလဲ?

ကျနော်တို့အသင်းက ဂိုးမသွင်းနိုင်နေလို့လား? ကိုယ့်အသင်း အခွင့်အရေးရှိနေတာကို မကောင်းမြင်စကား ဘာလို့ ပြောရမှာလဲ?

ကျနော်ကတော့ အာဆင်နယ် အနိုင်ရမယ် ထင်တယ်။ မန်စီးတီးကို ကျနော်တို့ အနိုင်ယူနိုင်တယ်၊ အနိုင်ယူဖို့ပဲ အီတီဟတ်ကို သွားမှာပါ ’ လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။