ပိုချက်တီနိုကတော့ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှာ ဖြစ်ကာ သူမဟုတ်ခဲ့ရင် အခြားသော နည်းပြတွေနဲ့ အောင်မြင်လိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။

ချယ်ဆီးရဲ့ လူငယ်အသားပေး ပေါ်လစီဟာ အထိုင်ကျလာဖို့ အချိန်တစ်ခု လိုအပ်နေသေးကာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်မတည်ငြိမ်ပေမယ့် ဖလားပွဲတွေမှာ ရလဒ်တွေကောင်းနေပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ် အဆင့်ကိုလည်း တက်ရောက်ထားပါတယ်။

လူငယ်တွေ ပိုမိုတိုးတက်လာဖို့ ကူညီပေးရမှာဖြစ်ကာ ကလပ်နဲ့ သူတို့ ကိုယ်တိုင်အတွက် ဆုဖလား အောင်မြင်လိုကြောင်းလည်း နည်းပြက ဝန်ခံပါတယ်။

ပိုချက်တီနိုက ‘ ချယ်ဆီးကို ကျနော်တို့ ရောက်လာတော့ လူငယ် တစ်ဦး၊ နှစ်ဦးတင် မဟုတ်ဘဲ ၁၀ ဦးလောက်ကို ကူညီပေးရမယ့် စိန်ခေါ်မှုမျိုး ရင်ဆိုင်ရတော့မယ်ဆိုတာ သိခဲ့ပါတယ်။ ကျနော်တို့ ချယ်ဆီးအသင်း ပရော်ဂျက်တွေကို သေချာလေး လေ့လာခဲ့ပါတယ်။

ကလပ်ရဲ့ ဦးတည်ချက်တွေကို ပြောင်းလဲဖို့ လိုအပ်တာကို ကျနော်တို့ နားလည်ပါတယ်။ အခုဆိုရင် လုံးဝကို ပြောင်းလဲနေပါပြီ။ ကျနော်တို့က ပရိသတ်တွေ၊ ကစားသမားတွေ၊ ပိုင်ရှင်နဲ့ ကလပ်အတွက် အကောင်းဆုံး ဖြစ်ချင်ပါတယ်။

ချယ်ဆီးက ပရီးမီးယားလိဂ်ဖလား အနိုင်ရချင်ပါတယ်။ တစ်ရက်မှာ ကျနော်တို့ ဒီဖလားကို အနိုင်ရမှာပါ။ ကျနော်တို့နဲ့ မဟုတ်လည်း အခြားသော နည်းပြအဖွဲ့နဲ့အတူ ချယ်ဆီးက ပရီးမီးယားလိဂ်ဖလား အနိုင်ရမှာပါပဲ။ ဒါက ဖြစ်လာဖို့လိုအပ်ပါတယ်။

အကောင်းဆုံး နည်းလမ်းနဲ့ ဖလားအောင်မြင်ရမယ်၊ လူငယ်တွေ တိုးတက်လာဖို့အတွက် ဒါကပဲ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ် ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။