ရီယို ဖာဒီနန်ရဲ့ ညီဖြစ်သူ ပရီးမီးယားလိဂ် ကစားသမားဟောင်း အန်တန် ဖာဒီနန်ကတော့ ကိုဘီ မိုင်နူးဟာ သူ့မျိုးဆက်ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

ဒီရာသီ ယူနိုက်တက်နဲ့အတူ ပွဲထွက်လာခဲ့သလို အဓိက ကစားသမားအဖြစ် တောက်ပလာတဲ့ မိုင်နူးဟာ အင်္ဂလန်အတွက်ပါ ပွဲထွက်ပေးထားပါပြီ။ မိုင်နူးရဲ့ ခြေစွမ်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ခြေစွာနေတဲ့ ဆာကာ ငယ်စဉ်ကထက်ကို ပိုမို တည်ငြိမ်သူလို့ အန်တန်က ထုတ်ဖော်ခဲ့ပါတယ်။

‘ ကိုဘီ မိုင်နူးက မယုံနိုင်စရာ အရည်အချင်းနဲ့သူပါ။ သူ့မျိုးဆက်ရဲ့ အကောင်းဆုံး ကြယ်ပွင့်တစ်ဦးဆိုတာ ၁၀၀% သေချာပါတယ်။ ဘောလုံးနဲ့တင် မဟုတ်ဘဲ ကွင်းထဲမှာ သူ့ရဲ့ လုပ်ပြနိုင်စွမ်းအရကောပါပဲ။

ယူ-၁၈ အသင်းကနေ ပထမအသင်းထံ ရောက်လာခဲ့တယ်။ သူ့ကို ကြည့်ရတာ နှစ်တွေအကြာကြီး စီနီယာအသင်းမှာ ရှိနေခဲ့သလိုပါပဲ။ ယူနိုက်တက်အတွက် ကိစ္စတိုင်းကို လုပ်ပြနိုင်နေပါတယ်။

အခု ကျနော်တို့ မြင်နေရတဲ့ မိုင်နူးလို ကစားသမားမျိုး မမြင်ရတာ အတော်လေး ကြာနေပါပြီ။ လူတွေက ဆာကာ သိပ်ကောင်းတယ် ပြောကြတယ်။ ကျနော် အမြင်မှာ မိုင်နူးလို ဆာကာ မလုပ်ပြနိုင်ပါဘူး။ ၁၈ နှစ်သား အရွယ်မှာ ဆာကာက မိုင်နူးလောက် မကောင်းခဲ့ပါဘူး။ ဒါက အမှန်တရားပါပဲ။

ဆာကာလည်း ကောင်းခဲ့ပေမယ့် သူက ခြေစွမ်း မတည်ငြိမ်ပါဘူး။ မိုင်နူးက တည်ငြိမ်တဲ့ ခြေစွမ်း ပြသနိုင်သူပါ ’ လို့ အန်တန်က နှိုင်းယှဉ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မိုင်နူးနဲ့ ဆာကာတို့ဟာ ၂၀၂၄ ယူရိုမှာ အင်္ဂလန်အတွက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်လာနိုင်ကြသူတွေပဲ ဖြစ်ပါတယ်။