ဒီနွေမှာ ကလော့ပ်နေရာ အစားထိုးဖို့ နည်းပြလောင်း ရှာဖွေနေတဲ့ လီဗာပူးအသင်းဟာ အကြမ်းအားဖြင့် (၉) ဦးကို လေ့လာနေပြီး ဦးစားပေး ပစ်မှတ် အချို့ကို ရွေးထုတ်မှုတွေ ပြုလုပ်လာနေပါတယ်။

အသင်းရဲ့ ထိပ်တန်း ဦးစားပေးက အလွန်ဆို၊ အမ်မိုရင်း၊ ဒီဇာဘီတို့ ရွေးချယ်ထားပေမယ့် ဒီရက်ပိုင်းမှာပဲ လေဗာကူဆင်နည်းပြ အလွန်ဆိုက နောက်ရာသီမှာလည်း ဘွန်ဒက်လီဂါမှာ ဆက်နေမယ့်အကြောင်း အတည်ပြုထားပါတယ်။

The Athletic ကတော့ လက်ရှိ လီဗာပူးရဲ့ နံပါတ် ၁ ပစ်မှတ်ဟာ စပို့တင်းမှ အမ်မိုရင်းလို့ ဖော်ပြလာပါတယ်။

လီဗာပူးရဲ့ စောင့်ကြည့်စာရင်းမှာတော့ ဒီဇာဘီ (ဘရိုက်တန်)၊ ဖွန်ဆီကာ (လိုင်လီ)တို့ ဖြစ်ပါတယ်။ နာဂယ်စမန်း (ဂျာမနီ)၊ သီယေဂို မော်တန် (ဘိုလော့ညာ)၊ တူချယ် (ဘိုင်ယန်မြူးနစ်)၊ သောမက်စ်ဖရန့် (ဘရန့်ဖိုဒ့်)၊ အင်ဇာဂီ (အင်တာမီလန်) တို့လည်း ပါဝင်ထားတာဖြစ်ပါတယ်။

သူတို့ထဲက ယူရို ၂၀၂၄ မှာ ဂျာမနီအသင်းကို ကိုင်တွယ်ဖို့ ရှိနေတဲ့ နာဂယ်စမန်းကလည်း အသင်းပစ်မှတ်ထဲမှာ မပါတော့ဘူးလို့လည်း ကြားထားပါတယ်။ အသင်းဘက်ကတော့ လီဗာပူးကို တင်းပြည့်ကြပ်ပြည့် အာရုံစိုက်ပေးနိုင်မယ့် နည်းပြမျိုး လိုချင်တာကြောင့် နာဂယ်စမန်းကိုပါ ဖယ်ထုတ်ထားတာပါ။

အခြားသော ပစ်မှတ်အချို့လည်း ရှိသေးပေမယ့် အထက်က (၉) ဦးကပဲ လီဗာပူး အဓိက စောင့်ကြည့်နေသူတွေဖြစ်တယ်လို့ နားလည်ရတာ ဖြစ်ပါတယ်။