အင်္ဂလန်နဲ့ လီဗာပူး ကွင်းလယ်ဟောင်းကြီး ရက်ပ်နက် ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ညံ့ဖျင်းမှုကို အံ့အားသင့်နေပြီး ဝေဖန်ထောက်ပြမှုတွေ ပြုလုပ်သွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ပြိုင်ပွဲမှာ လီဗာပူးကို အနိုင်ယူလိုက်တာကြောင့် ဒီရာသီ အခြေအနေကို ပြောင်းလဲနိုင်ပြီ လို့ ထင်ခဲ့ရတာပါ။ ဒါပေမယ့် နိုင်ငံပွဲတွေ အပြီး ဘရန့်ဖိုဒ်နဲ့ပွဲမှာ ယူနိုက်တက်ဟာ အံ့အားသင့်စရာ ခြေစွမ်းတွေနဲ့အတူ ၁-၁ သရေ ကျသွားခဲ့ပါတယ်။

” မန်ချက်စတာ ယူနိုက်တက်ဖန်တွေကတော့ သူတို့ အရင် လီဗာပူးနဲ့ပွဲ ရလဒ်ကောင်းထားတာကြောင့် ဒီညပွဲကို အတော် မျှော်လင့်နေခဲ့ကြမယ် ထင်တယ်။ ယူနိုက်တက်တော့ ဒီရာသီကို အလှည့်အပြောင်း လုပ်နိုင်ခဲ့ပြီ ထင်ခဲ့ကြမှာ။

သူတို့ ဒီည ခြေစွမ်းက အတော်ကို ဆိုးဆိုးပါပဲ။ အားထုတ်မှုတောင် မရှိတာကို ကျွန်တော် မယုံနိုင် ဖြစ်ရတယ်။ တောက်ပမှုလည်း မရှိ၊ တစ်ဦးချင်း ယှဉ်ဖိုက်မှုတွေမှာလည်း နိုင်လိုစိတ်ကို မတွေ့ရဘူး။

မားကပ် ရက်ဖို့ဒ်ဆိုရင် အပျင်းပြေ လမ်းလျှောက်နေသလို ဟန်မျိုးကို ကျွန်တော်တို့ မြင်ခဲ့ရတယ်။ ဒါက ပရီးမီးယားလိဂ်ဗျ။ ပွဲတွေထဲမှာ အားထုတ်ရမယ်၊ နိုင်အောင် လုပ်မှရတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ညံ့ချက်ကြီးကို မြင်ရတာက အံ့တောင်သြယူရတယ်ဗျာ။ ” လို့ ရက်ပ်နက် က ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီ သရေ ရလဒ်ကြောင့် ယူနိုက်တက်ဟာ အဆင့် ၆ နေရာမှာ ဆက်ရှိနေကာ ၄ နေရာမှ အက်စတွန်ဗီလာနဲ့ ၁၁ မှတ် ပြတ်သွားပါတယ်။