မနေ့ညကပွဲမှာ လီဗာပူးက ဘရိုက်တန်ကို ၂-၁ ဖြင့် အနိုင်ရကာ မန်စီးတီးနဲ့ အာဆင်နယ်ကတော့ သရေကျခဲ့တာကြောင့် ဇယားထိပ် အပြောင်းအလဲဖြစ်လာခဲ့ပါတယ်။

လီဗာပူးအသင်းက ဇယားထိပ်ကို တက်သွားခဲ့ကာ ဒုတိယနေရာက အာဆင်နယ်ကို ၂ မှတ်၊ တတိယနေရာက မန်စီးတီးကို ၃ မှတ် ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒီကရှေ့ ဖလားစိန်ခေါ်ဘက် အသင်းတွေကြား ထိပ်တိုက်တွေ့မယ့်ပွဲ မရှိတော့ပါဘူး။

ဒါကြောင့် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ် ၉ ပွဲမှာ ပွဲအားလုံးကို အနိုင်ရမယ်ဆိုရင် ပြိုင်ဘက်တွေရဲ့ ရလဒ်ကို ကြည့်စရာ မလိုဘဲ လီဗာပူးက ချန်ပီယံဖြစ်သွားတော့မှာပါ။

အာဆင်နယ်နဲ့ မန်စီးတီးနည်းပြတို့ကလည်း ဒီအခြေအနေကို နားလည်ထားကြကာ အခွင့်အရေးက လီဗာပူးလက်ထဲမှာပါလို့ ပွဲအပြီး ပြောလာကြပါတယ်။

အာတီတာက ” အီတီဟတ်ကွင်းကို လာပြီး ကျနော်တို့ လုပ်သလို လုပ်ပြနိုင်ခဲ့တဲ့အသင်း များများစားစား မရှိပါဘူး။ ကျနော်တို့နိုင်ချင်ခဲ့တာပါ၊ တုန့်ပြန်ပြလိုခဲ့ပါတယ်။ ကံမကောင်းစွာဘဲ လီဗာပူးရဲ့ ရလဒ်ကို ကျနော်တို့ သိထားပါတယ်။ ဒါပေမယ့် ဆက်သွားရမှာပါ။ ပွဲတွေအများကြီး ကစားရဖို့ ရှိနေပါတယ် ”

ဂွာဒီယိုလာကလည်း ” လီဗာပူးက ထိပ်ဆုံးမှာပါ။ ဒါပေမယ့် ပွဲကစားဖို့ ၉ ပွဲရှိနေပါသေးတယ်။ ဘာဖြစ်လာမလဲ ကြည့်ရတာပေါ့ ” လို့ ထုတ်ပြောသွားတာ ဖြစ်ပါတယ်။