အီတီဟတ်မှာ ကစားခဲ့တဲ့ ဟာလန်းရဲ့ ခြေစွမ်းကိုကြည့်ပြီး ဘောလုံးဝေဖန်သူ ရွိုင်ကိန်းကတော့ နော်ဝေသားဟာ ထိပ်တန်းတိုက်စစ်မှူးဆိုပေမယ့် ပရီးမီးယားလိဂ်မှာ ကစားဖို့ အဆင့်မရှိအောင်လည်း ညံ့ဖျင်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်မှူးဟာ ဂန်းနားခံစစ်ကို ကျော်ဖြတ်နိုင်စွမ်း နည်းခဲ့သလို ဘောလုံးထိချက်တွေကအစ ကန့်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဟာလန်းဟာ ဂိုးသွင်းတာတော့ ကောင်းပေမယ့် တစ်ပွဲလုံး ပါဝင်နိုင်စွမ်း၊ ထိချက်တွေနဲ့ တိုက်စစ်ဖွင့်ရာမှာ သူ့ရဲ့ ဘောလုံးတောင်းဆိုနိုင်စွမ်းတွေလို အရည်အချင်းပိုင်းတွေမှာ အားနည်းချက် ရှိကြောင်း မှတ်ချက်တွေရထားခဲ့တာပါ။

ရွိုင်ကိန်းက ‘ ဟာလန်းရဲ့ ကစားပုံက ခြုံပြောရရင် သိပ်ညံ့လွန်းတယ်။ ဒီနေ့အတွက်တင် ပြောတာ မဟုတ်ဘူးနော်။ သူက သွင်းဂိုးတွေအတွက် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါ။ ဒါပေမယ့် သူ့လို ထိပ်တန်တစ်ယေက် စွမ်းဆောင်ပြရမှာနဲ့ဆိုရင်တော့ ညံ့လွန်းတယ်။

ဟာလန်းက တိုးတက်လာဖို့လိုပါတယ်။ သူက လိဂ်တူးအဆင့်က ကစားသမားကျနေတာပါပဲ။ ဒါကြောင့်ပဲ နောက်နှစ်တွေအတွင်း သူ့ရဲ့ ကစားပုံတွေ တိုးတက်လာဖို့လိုတယ်လို့ ကျနော် ပြောနေတာ။ တစ်ပွဲလုံး ပွဲအတွင်း ပါဝင်လုပ်ဆောင်နိုင်စွမ်းတွေမှာ တိုးတက်လာဖို့ လိုနေပါတယ်။ ‘ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းဟာ အာဆင်နယ်ပွဲမှာ ဘောလုံးထိချက် ၂၃ ကြိမ်ပဲ ရှိခဲ့ကာ ဂိုးပေါက် တည့်မှု လုံးဝ မရှိခဲ့သလို အရေးပါတဲ့ ပေးချက်လည်း တစ်ကြိမ်မှ မလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။