တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲတွေအပြီးမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဖလားရဖို့ ရေပန်းအစားဆုံးဟာ သူတို့အသင်း မဟုတ်တော့ပါဘူးလို့ ထုတ်ပြောလာခဲ့ပါတယ်။

၃ ရာသီဆက် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးဟာ အိမ်ကွင်းမှာ အာဆင်နယ်ကို သရေပဲ ကစားနိုင်တာကြောင့် ဇယားထိပ်က လီဗာပူးနဲ့ ၃ မှတ်ကွာဟခဲ့ပါပြီ။ ၎င်းတို့အသင်းဟာ အာဆင်နယ်နဲ့လည်း ၁ မှတ် ကွာဟနေတာပါ။

လက်ကျန် ၉ ပွဲကစားဖို့ ကျန်ရှိချိန် ဖလားလုဘက် ၃ သင်းထဲမှာ မန်စီးတီးက ချန်ပီယံဖြစ်ဖို့ အခွင့်အရေး အနည်းဆုံး ဖြစ်နေပြီလို့ ဂွာဒီယိုလာက ပြောလာခဲ့ကာ ဇယားထိပ်က အသင်းက ဖလားရဖို့ ရေပန်းအစားဆုံးလို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

“ ထိပ်ဆုံးအသင်းကတော့ အမြဲတမ်း ရေပန်းအစားဆုံးပါပဲ ” ဆိုကာ ဂွာဒီယိုလာက လီဗာပူးအသင်းကပဲ ဖလားရဖို့ ရေပန်းအစားဆုံး ဖြစ်သွားပြီလို့ မှတ်ချက်ပေးလာတာပါ။

ဆက်လက်ပြီး သူက “ ဒုတိယရေပန်းအစားဆုံးက အာဆင်နယ်ပါ၊ ကျနော်တို့ကတော့ တတိယပေါ့။ ပရီးမီးယားလိဂ်ဖလားရဖို့က ကျနော်တို့လက်ထဲမှာ မဟုတ်ပါဘူး။ ကျနော်တို့ လုပ်နိုင်တာ အားလုံးက ကြားရက် အက်စတွန်ဗီလာနဲ့ အိမ်ကွင်းပွဲပါပဲ။

ကျနော်တို့ ဇယားထိပ်မှာရှိတိုင်း ဖလားရဖို့ ရေပန်းအစားဆုံးက ကျနော်တို့အသင်းပါပဲ။ ကိုယ့်လက်ထဲမှာလည်း ချန်ပီယံဖြစ်ခွင့် ဆုပ်ကိုင်ထားတာပေါ့။ အခုကတော့ ကျနော်တို့ မဟုတ်ပါဘူး။ ရိုးရိုးလေးပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လက်ကျန်ပွဲတွေထဲမှာ အသင်းကောင်းအချို့နဲ့ ထိပ်တိုက်တွေ့ဖို့ ရှိနေသလို ယူရိုပါလိဂ်ကစားရဖို့လည်း ရှိနေပါတယ်။ ကစားရမယ့်ပွဲတိုင်းကို ဖိုင်နယ်လို ကစားပြီး ချန်ပီယံဖိအားတွေကို ရင်ဆိုင်ပြနိုင်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။