ဂယ်ရီနဗီးကတော့ အီတီဟတ်က သရေပွဲမှာ သူ သဘောကျ နှစ်သက်မိတာ အာဆင်နယ်အသင်းဖြစ်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဂိုးမရှိ သရေပွဲဖြစ်ခဲ့ပေမယ့် ရလဒ်ပိုင်းဟာ အာဆင်နယ်ကို ပိုမို ကျေနပ်စေခဲ့ပါတယ်။ အိမ်ကွင်း ၅၇ ပွဲဆက်တိုက် ဂိုးသွင်းထားတဲ့ အီတီဟတ်ကွင်းမှာ မရှုံးအောင် ကစားခဲ့နိုင်တာကြောင့် ဖလားပြိုင်ဆိုင်မှုမှာ အာဆင်နယ်ရဲ့ အလားအလာကောင်းက ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

ဂယ်ရီနဗီး ပြောခဲ့တာက ‘ မန်စီးတီးတို့ ခက်ခက်ခဲခဲ ကစားရအောင် အာဆင်နယ်အသင်း လုပ်ပြခဲ့ပါတယ်။ အဆုံးသတ်ပိုင်း ဧရိယာမှာ မန်စီးတီး ဒီလောက် ခက်ခဲနေအောင် လုပ်ပြနိုင်တဲ့ အသင်းမျိုး ကျနော် ဘယ်တုန်ကမှ မမြင်ဖူးပါဘူး။

အာဆင်နယ်က ခံစစ်ကို နေရာလွတ်လုံးဝ မပေးခဲ့ဘူး။ အာဆင်နယ်အသင်း ခံစစ်ကစားခဲ့တာက ကျစ်လစ် ပြောင်မြောက်လွန်းပါတယ်။

အာဆင်နယ် ခံစစ်အတွဲက ထူးချွန်လွန်းပါတယ်။ လာသမျှ အရာအားလုံးကို ခေါင်းတိုက် ရှင်းထုတ်ပေးခဲ့တာပါ။ ဟာလန်းရဲ့ အပေါ်မှာ သူတို့ နှစ်ဦး စိုးမိုးထားခဲ့တယ်။

ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာ နည်းနည်းပြောစရာရှိပေမယ့် အာဆင်နယ်က အခွင့်အရေးလည်း ရခဲ့ပါတယ်။ သူတို့ ဂိုးပေါက် ၂ ကြိမ်တည့်ခဲ့တယ်၊ မန်စီးတီးတောင် ၁ ကြိမ်ပဲ တည့်ပါတယ်။

မန်စီးတီးရဲ့ အိမ်ကွင်းမှတ်တမ်းကို ကြည့်မယ်ဆိုရင် ဒီရလဒ်က သူတို့အတွက် စိတ်ပျက်စရာပါ။ ဒီပွဲမှာ အာဆင်နယ်ကို အသိအမှတ်ပြုရပါမယ် ‘ လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။