တိုက်စစ်မှူး ဂျေးဆုကတော့ အာဆင်နယ်ဟာ ဂိုးကွာခြားချက်မှာ လီဗာပူးကို ကြီးကြီးမားမား အသာရထားကြောင်းနဲ့ ပရီးမီးယားလိဂ်ဆိုတာ ဘာမဆိုဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ပွဲစဉ် ၂၉ အပြီးမှာ လီဗာပူးက ဇယားထိပ်ကို ၂ မှတ်အသာနဲ့ ဦးဆောင်နေတာပါ။ ဒါပေမယ့် ကလော့ပ်ရဲ့အသင်း သရေတစ်ပွဲကျရင်ကို ဂိုးကွာခြားချက်အသာနဲ့ အာဆင်နယ်က ဇယားထိပ် ပြန်ရောက်သွားဦးမှာ ဖြစ်ပါတယ်။

‘ ဒါက ပရီးမီးယားလိဂ်ပါ၊ ခက်ခဲတဲ့ လိဂ်ပြိုင်ပွဲဖြစ်ပါတယ်။ ဘာမဆိုဖြစ်လာနိုင်ပါတယ် ’ လို့ လက်ကျန် ၉ ပွဲပဲ ကျန်ရှိချိန်ထိ ပရီးမီးယားလိဂ်ဖလား ဘယ်အသင်းရမယ် မသဲကွဲသေးခြင်းအပေါ် ဂျေးဆုက မှတ်ချက်ပေးပါတယ်။

၅ နှစ်အတွင်း ပရီးမီးယားလိဂ်ဆုဖလားအတွက် မန်စီးတီးကို ရပ်တန့်နိုင်ခဲ့တာ လီဗာပူးတစ်သင်းပဲ ရှိပေမယ့် ဒီရာသီမှာ အာဆင်နယ် လုပ်နိုင်မယ်လို့ ဂျေးဆုက ယုံကြည်နေဆဲ ဖြစ်ပါတယ်။

‘ လီဗာပူးအသင်းနဲ့ ကွာဟချက်က ၂ မှတ်ပဲ ရှိတာပါ။ နောက်ပြီး ကျနော်တို့အသင်းမှာ သိပ်ကောင်းတဲ့ ဂိုးကွာခြားချက်လည်း ရှိပါတယ်။

ရာသီကုန်မှာ အားလုံးကို ထည့်တွက်သွားရမှာပါပဲ။ ဒါပေမယ့် ကျနော်တို့ ပွဲတွေကစားရဖို့ ရှိနေသေးတယ်။ ချန်ပီယံလိဂ်မှာလည်း ကျနော်တို့ ဆက်ရှိနေပါတယ်။

အခုက ဘောလုံးရာသီရဲ့ အလှဆုံးအပိုင်းကို ရောက်နေတာပါ။ ဆုဖလားအားလုံး အနိုင်ရဖို့ ကြိုးစားရမှာပါ ’ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။