ဒီအပတ် ပွဲ မတိုင်ခင်မှာ ပြိုင်ဘက် ယူနိုက်တက်အသင်း ကစားသမား အချို့ကို လီဗာပူးအသင်းအတွက် ခေါ်ယူချင်ကြောင်း ကာရေဂါက ထုတ်ပြောလာပါတယ်။

ကာရေဂါက​တော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ကြယ်ပွင့် မိုင်နူးဟာ စူပါစတားဖြစ်လာမယ့်သူဖြစ်ပြီး လီဗာပူးမှာ ကစားတာမျိုး မြင်ရရင် သဘောကျမိမယ်လို့ ပြောလာခဲ့တာပါ။

အက်ဖ်အေဖလားမှာ မက်ကယ်လစ္စတာ၊ အန်ဒိုတို့ကို ဒုက္ခပေးခဲ့သေးတဲ့ မိုင်နူးဟာ အဆိုပါပွဲအပြီး အင်္ဂလန်အသင်းအတွက် ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ အန်ဖီးအတွက် ကစားသမား တစ်ဦးခေါ်ခွင့်ရရင် ဘယ်သူ့ကို ခေါ်လိုသလဲ မေးခွန်းအတွက် ကာရေဂါက –

‘ ကျနော်ကတော့ လူငယ်လေး မိုင်နူးကို လိုချင်ပါတယ်။ သူ့ရဲ့ ငယ်ရွယ်မှုကလည်း အကြောင်းရင်း တစ်ချက်ပေါ့။ သူက စူပါစတား တစ်ဦးနဲ့တူပါတယ်၊ တကယ့် စူပါစတား တစ်ဦး ဖြစ်လာနိုင်သူပါ ’ လို့ ပြောပါတယ်။

ကာရေဂါကတော့ ရက်ဖိုဒ့်ကို ခေါ်ယူခြင်းဟာ လီဗာပူး ဘယ်တောင်ပံကို အဆင့်မြှင့်တင်မှု ဖြစ်မယ်လို့ မြင်နေပါတယ်။ သူကတော့ တစ်ဦးတည်းခေါ်ခွင့်ရရင် မိုင်နူးကို ပိုသဘောကျနေဆဲ ဖြစ်ပါတယ်။

‘ ယူနိုက်တက် လူစာရင်းမှာ သူတို့နေရာတွေအတွင်း ဘယ်သူက အကောင်းဆုံးဖြစ်မလဲ ကျနော် စဉ်းစားကြည့်တာ ရက်ဖိုဒ့်ဖြစ်မယ်ထင်တယ်။ ဒီနွေမှာ လီဗာပူးက မန်နေဂျာသစ်နဲ့ဆိုရင် ဘယ်ခြမ်းကို အာရုံပြန်စိုက်ရမှာပါ။

ဒီယက်ဇ်က ကောင်းပေမယ့် ထိပ်တန်းတစ်ယောက်လို့ ကျနော် မထင်ပါဘူး။ ဘယ်ခြမ်းက လီဗာပူး အားဖြည့်ရမယ့် နေရာပါ။ ဒါပေမယ့် ကွင်းလယ်အတွက် မိုင်နူးကိုရမယ်ဆိုရင် ကျနော်ကတော့ လီဗာပူးအတွက် လိုချင်ပါတယ် ’ လို့ လီဗာပူး ခံစစ်မှူးဟောင်းက မှတ်ချက်ပေးခဲ့ပါတယ်။