မနက်ကပွဲမှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ နိုင်ပွဲ ကိုယ်စီ ရခဲ့ကြပေမယ့် ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ့်အသင်းက သပ်သပ်ရှိနေပါတယ်လို့ ဂန်းနားဟောင်း ကီယွန်က ထုတ်ပြောလာပါတယ်။

ရာသီကုန်ထိ ပွဲစဉ်တွေကို ခြုံကြည့်မယ်ဆိုရင် မန်စီးတီးဟာ ပိုမို လွယ်ကူတဲ့ ပွဲစဉ်ဇယားတွေကိုပဲ ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ ထိုနည်းတူ လီဗာပူးကလည်း ပွဲတိုင်းနိုင်ရင် ချန်ပီယံဖြစ်မယ့် အခွင့်အရေး ရှိနေတာပါ။

ကီယွန်ကတော့ အာဆင်နယ်အသင်းထက်လည်း ၂ မှတ်အသာရနိုင်မယ့် အခြေအနေကို လီဗာပူး ပိုင်ဆိုင်ထားတာကြောင့် ဂန်းနားတို့ရဲ့ နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလား တစ်ကျော့ပြန် အောင်မြင်ရေးက ထပ်စောင့်ရမယ်လို့ မြင်နေပါတယ်။

မာတင် ကီယွန်က ‘ မန်စီးတီးက ပွဲတိုင်း အနိုင်ရနိုင်ပါတယ် ဒါပေမယ့် သူတို့ ချန်ပီယံဖြစ်မယ် မဆိုပါဘူး။ ဘာလို့လဲဆိုတော့ လီဗာပူးက ရမှတ်တွေပိုရထားပါတယ်။

လီဗာပူးပွဲတွေကို ကြည့်မယ်ဆိုရင် သူတို့က ချန်ပီယံဖြစ်ဖို့ အလားအလာ ပိုများပါတယ်။ သူတို့ရဲ့ ပွဲစဉ် ဇယားမှာ ယူနိုက်တက်ကို ရင်ဆိုင်ရမယ့်ပွဲကပဲ ခက်ခဲတာပါ။ လီဗာပူးက အာဆင်နယ်ထက် ၂ မှတ်သာနိုင်တဲ့ အခြေအနေမို့ သူတို့ပဲ ဖလားရဖို့ ရေပန်းစားပါတယ် ’ လို့ ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။