သရဲနီဟောင်းကြီး ရီယို ဖာဒီနန် ကတော့ မန်ချက်စတာ စီးတီး အသင်းဟာ အာဆင်နယ်၊ လီဗာပူးတို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားနိုင်နေဆဲ လို့ ယုံကြည်နေပါတယ်။

ဇယားထိပ်မှာ ရပ်တည်နေတဲ့ ဒီ ၃ သင်းကြား အမှတ် ကွာဟမှုက ကျဉ်းမြောင်းလွန်းတာကြောင့် ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထား ရှိနေဆဲပါ။ ညက ပွဲမှာ အာဆင်နယ်က လူတန်ကို ၂-ဝ နဲ့ နိုင်ခဲ့သလို စီးတီးကလည်း အက်စတွန် ဗီလာကို ၄-၁ နဲ့ အနိုင်ရရှိထားပါတယ်။

လီဗာပူးကတော့ ဇယားအောက်ခြေက ရှက်ဖီးကို ဒီည ဧည့်ခံ ကစားမှာ ဖြစ်လို့ နိုင်ပွဲ ဆက်ယူကာ ကျန်နှစ်သင်းကို ကျော်တက်နိုင်ဖို့ များနေပါတယ်။

ရီယို ဖာဒီနန်ကတော့ ညက ပွဲတွေ မတိုင်ခင်မှာ မေလထဲ ပရီးမီးယားလိဂ် သရဖူကို ဆောင်းသွားမှာက မန်စီးတီး ဖြစ်မယ်လို့ သူ ထင်နေဆဲ ဖြစ်ကြောင်း ခုလို ပြောဆိုခဲ့ပါတယ်။

ဒါဆို လက်ရှိ အပြိုင် ဖြစ်နေတဲ့ ၃ သင်းထဲက ချန်ပီယံ ဖြစ်စေချင်တဲ့ အသင်း ရွေးရမယ် ဆိုရင် ဘယ်အသင်းလဲ လို့ ဖာဒီနန် တစ်ယောက် မေးခံခဲ့ရပြီး သရဲနီဟောင်းကြီးက ခုလို တုန့်ပြန်ခဲ့ပါတယ်။

” အခုနေ ဆိုရင်တော့ ကျွန်တော် အာဆင်နယ်ကို ရွေးရမှာပဲ။ လီဗာပူးနဲ့ မန်စီးတီး ရသွားမယ် ထက် စာရင်တော့လေ။ ဒါကတော့ ၁ဝဝ% သေချာပါတယ်။ ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။