မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်ဆီးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားပြီး ၄-၃ ဖြင့် ရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်က မှေးမှိန်လာခဲ့ပါပြီ။

၂-၀ ဖြင့် နောက်က လိုက်ကစားရပေမယ့် ဂနာချို၊ ဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပွဲကို ပြန်ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ပါလ်မာသွင်းတဲ့ ပင်နယ်တီနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

ချယ်ဆီးရခဲ့တဲ့ ပင်နယ်တီကို မေးခွန်းထုတ်ခဲ့တဲ့ ယူနိုက်တက် နည်းပြကတော့ သူ့အသင်းသားတွေရဲ့ ခြေစွမ်းကိုလည်း ဝေဖန်ခဲ့ပါတယ်။

တန်ဟက်က ” ကျနော်တို့ အစမကောင်းခဲ့ပါဘူး၊ ဘောလုံးတွေ ဆုံးရှုံးသလို ခံစစ်ကစားပုံ ညံ့ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကို လွှမ်းမိုးနိုင်ခဲ့သလို နောက်ပိုင်း ကစားပုံ ပြန်ကောင်းလာခဲ့လို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့ပွဲကို ပိုပြီး ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့သင့်တာပါ။ တစ်ဦး တစ်ယောက်ကို ထောက်ပြတာထက် အသင်းလိုက် စွမ်းဆောင်ရည်မှာ ထိန်းချုပ်နိုင်ဖို့ လိုခဲ့တာ၊ အသင်းလုပ်မိတဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကလည်း အကူအညီ မဖြစ်ပါဘူး။

ဘောလုံးမရှိချိန်တွေမှာ ကျနော်တို့ ဆုံးဖြတ်တာတွေ မှားတယ်၊ အာရုံစူးစိုက်မှု ကင်းမဲ့ခဲ့တယ်။ နောက်ပြီး ပွဲပြီးခါနီး ပင်နယ်တီကလည်း သူတို့အတွက် ကံကောင်းပါတယ်။ မေးခွန်းထုတ်စရာ ခပ်လွယ်လွယ် အခြေအနေကနေ ပင်နယ်တီ ပေးလိုက်တာပါ ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။