အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ခံစစ်ပိုင်း ပေးဂိုး ၂၄ ဂိုးပဲ ရှိထားကာ ကလပ်တွေထဲမှာ ခံစစ်အတောင့်တင်းဆုံး ဖြစ်နေပါတယ်။

မန်စီးတီးက ခံစစ်ပေးဂိုး ၃၁ ဂိုးထိ ရှိထားကာ လီဗာပူးကလည်း ၂၈ ဂိုး ရှိနေတာဖြစ်ပါတယ်။ မနှစ်ကရာသီ ခံစစ်က ၄၃ ဂိုးပေးခဲ့ရပေမယ့် ဒီရာသီမှာတော့ အာဆင်နယ်က ပိုမိုကျစ်လစ်တဲ့ ခံစစ်ပိုင်းကို ပိုင်ဆိုင်လာနေပါပြီ။

ဘရိုက်တန်ကို ၃-၀ ရလဒ်နဲ့ အနိုင်ယူခဲ့အပြီးမှာ အာတီတာကတော့ အာဆင်နယ်ရဲ့ တိုးတက်မှုဟာ ခံစစ်ထက် ပွဲကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ပဲဖြစ်တယ်လို့ ထုတ်ပြောလာပါတယ်။

အာတီတာက ” ပွဲတွေက စွမ်းဆောင်ရည်ပါပဲ။ ပရီးမီးယားလိဂ်မှာက ကလပ်တွေကို အနိုင်ရဖို့ဆိုရင် မှန်ကန်တာတွေ လုပ်နိုင်ဖို့လိုသလို အဝေးကွင်းတွေမှာ ပွဲကို ပိုထိန်းချုပ်နိုင်ဖို့ လိုပါတယ်။

အခုလက်ရှိမှာတော့ အသင်းက ပွဲတွေမှာ ပိုကောင်းကောင်းနဲ့ သက်သောင့်သက်သာ ထိန်းချုပ်နိုင်စွမ်း ရှိနေတယ်။ အဲ့ဒီလို ပွဲတွေကို ပိုပြီး ထိန်းချုပ်လာနိုင်ခြင်းဟာ အသင်းတစ်သင်းအနေနဲ့ ကြီးမားတဲ့ ခြေလှမ်းကို လှမ်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီရာသီမှာ အာဆင်နယ်ဟာ နိုင်ပွဲရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ပွဲတွေ နည်းပါးခဲ့ပြီး ပွဲတွေကို ပြတ်ပြတ်သားသား ဦးဆောင် အနိုင်ယူနေတာပဲ ဖြစ်ပါတယ်။