မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ အပြောင်းအလဲ များစွာ ပြုလုပ်သွားဖို့ စီစဉ်နေရာ နည်းပြတန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ဖို့လည်း အပါအဝင်ဖြစ်ပါတယ်။

ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဟာ အင်္ဂလန်သားနည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာကို အထူးနှစ်သက်သူဖြစ်ကာ တန်ဟက်နေရာ အစားထိုးဖို့ လျာထားပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ ပေါ်တာဟာ အေဂျက်အသင်းရဲ့ ချိတ်ဆက်မှုကို ငြင်းဆန်ခဲ့ပြီဖြစ်ကာ ယူနိုက်တက်နည်းပြ တာဝန်ကို လက်ခံဖို့ရာ လမ်းရှင်းပေးခဲ့ပြီလို့ သိရပါတယ်။

ချယ်ဆီးအသင်းကနေ ထုတ်ပယ်ခံရပြီးတဲ့နောက် နည်းပြလောကထဲ ပြန်မဝင်လာသေးတဲ့ ပေါ်တာဟာ သူ့ရဲ့ လုပ်နိုင်စွမ်းတွေကို ပြသနိုင်မယ့် အခွင့်အရေးကို စောင့်မျှော်နေတာဖြစ်ပါတယ်။

ပေါ်တာက ကစားသမားတွေကို ရှာဖွေပြီး ပိုကောင်းအောင် လုပ်ပေးနိုင်တဲ့ စီမံကိန်းမန်နေဂျာမျိုးဖြစ်ပြီး သူ့ကို အချိန် ၅ နှစ်ပေးရင် အသင်းတစ်သင်းကို လုံးဝ ပြောင်းလဲပစ်နိုင်သူလို့ ထင်မြင်ချက်တွေရခဲ့ပါတယ်။

ပေါ်တာနဲ့ ယူနိုက်တက် အားကစားဒါရိုက်တာ Dan Ashworth တို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားပြီး ဘရိုက်တန်မှာတည်းက အတူ အလုပ်တွဲလုပ်ခဲ့ကြဖူးပါတယ်။ အရေးအကြီးဆုံးကတော့ ဆာဂျင်ရက်ကလစ်က ပေါ်တာရဲ့ အမာခံပရိသတ်ဖြစ်ပါတယ်။