ဒီအပတ် ချန်ပီယံလိဂ်ပွဲမှာတော့ အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်ကို လွယ်လွယ်ကူကူ ယှဉ်ပြိုင်နိုင်ဖွယ် မမြင်ဘူးလို့ ဂယ်ရီနဗီးက မှတ်ချက်ပေးလာပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိ်ဂ်မှာ ပုံစံကောင်းတွေရနေတဲ့အသင်းဖြစ်ကာ ဇယားထိပ်မှာ ရှိနေတာပါ။ ဘိုင်ယန်မြူးနစ်ကတော့ ဘွန်ဒက်လီဂါမှာ ရလဒ်တွေ မတည်ငြိမ်ခြင်းကြောင့် အမှတ်ပေးဖလား လက်လွတ်ရမယ့် အခြေအနေမျိုး ရင်ဆိုင်နေရပါတယ်။

ဒါပေမယ့် နှစ်သင်းကြား ဥရောပအတွေ့အကြုံ ကွာဟချက်ကြောင့် အာတီတာတို့ ရုန်းကန်ရလိမ့်မယ်လို့ နဗီးက ဟောကိန်းထုတ်ခဲ့ပါတယ်။

ဂယ်ရီနဗီးက ‘ ဘိုင်ယန်မြူးနစ်ကို အာဆင်နယ်အသင်း အနိုင်ရဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်ကို ရင်ဆိုင်ရာမှာ အာဆင်နယ်တို့ ရုန်းကန်သွားရမယ် ထင်ပါတယ်။

ဘွန်ဒက်လီဂါမှာ ဘိုင်ယန်မြူးနစ်တို့ အခြေအနေမလှ ဖြစ်နေတယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ဒီနှစ်သင်း တွေ့ဆုံခဲ့တဲ့ သမိုင်းကြောင်းတွေအရ ဘိုင်ယန်ကို ရင်ဆိုင်ဖို့ အာဆင်နယ်အတွက် ခက်ခဲနိုင်ပါတယ်။

ဒုတိယအကျော့ကလည်း ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ ဖြစ်ပါတယ်။ အဲဒီအကြောင်းရင်းကြောင့်ပဲ အာဆင်နယ်အတွက် ခက်ခဲနိုင်ပါတယ်။

ချန်ပီယံလိဂ်မှာက သင်ယူစရာတွေ ရှိပါတယ်။ နောက် ၂ ပတ်လောက်ကျရင် အာဆင်နယ်တို့ ဘယ်လို အတွေ့အကြုံ ရသွားမလဲ၊ ကောင်းတာဖြစ်သွားမလား? ဆိုးတာဖြစ်သွားမလား? ကျနော်တို့ သိရပါလိမ့်မယ် ’ လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်နိုင်မယ်ဆိုရင် အာဆင်နယ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ မက်ဒရစ် vs မန်စီးတီး အတွဲက တက်လာမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။