ဒီနွေမှာ လီဗာပူးအသင်းက ခေါ်ယူဖို့ ကြိုးစားမယ်လို့ သတင်းထွက်နေတဲ့ ဘရာဇီး တောင်ပံသမား ရိုဒရီဂိုကတော့ အတိတ်တုန်းက သူ အင်္ဂလန်ကို ပြောင်းလာဖို့ ပယ်ချခဲ့ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

၂၀၁၇ တုန်းက လီဗာပူးအသင်းဟာ ယူရို ၃ သန်းနဲ့တင် ရိုဒရီဂိုကို ခေါ်ယူရေး ဘရာဇီးကလပ် ဆန်းတိုစ့်နဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားဘက်က မပြောင်းလိုခြင်းကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။

အတိတ်က လီဗာပူးထံ ပြောင်းဖို့ဖြစ်ခဲ့ခြင်းနဲ့ ဘရာဇီးမှာ ၂ နှစ် ဆက်ကစားခဲ့တဲ့အပေါ် ရိုဒရီဂိုက ပြောရာမှာ

“ လီဗာပူးနဲ့ အပြောင်းအရွှေ့ မဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျနော် မပြောင်းချင်လို့ပါ။ သူတို့ဘက်က ကမ်းလှမ်းမှု သိပ်ကောင်းပေမယ့် ဆန်းတိုစ့်မှာပဲ ဆက်နေဖို့ ကျနော် ရွေးချယ်ခဲ့ပါတယ်။

လီဗာပူးဘက်က ကတိပေးခဲ့တာက ကျနော် ကစားသမားဘဝအတွက် သိပ်ကောင်းပါတယ်။ ကျနော်က ဥရောပမှာ ကစားဖို့ဆိုတဲ့ အိပ်မက်ရှိခဲ့ပါတယ်။ ကမ်းလှမ်းမှု အားလုံးက အဆင်ပြေပါတယ်။ ဒါပေမယ့် စိတ်ဆန္ဒကိုပဲ ဦးစားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျနော် ဆန်းတိုစ့်မှာပဲ ဆက်နေပြီး ဆန်းတိုစ့်အတွက် ကစားဖို့ဆိုတဲ့ ကိုယ့်ရဲ့ အိပ်မက်ကို အထောင်အထည် ဖော်ချင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးထံ ရောက်လုနီးပါး ဖြစ်ခဲ့တာကလည်း တကယ်ပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ရိုဒရီဂိုဟာ ၂၀၁၉ မှာတော့ ရီးရဲလ်မက်ဒရစ်ထံ ယူရို ၄၅ သန်းဖြင့် ပြောင်းဖို့ သဘောတူညီခဲ့ကာ လာလီဂါကလပ်နဲ့အတူ ကစားသမားဘဝ အောင်မြင်မှုရခဲ့နေခဲ့သူ ဖြစ်ပါတယ်။