အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ၂-၂ သရေကျခဲ့ပေမယ့် အဝေးကွင်းမှာ အနိုင်ယူပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထံ တက်ရောက်နိုင်မယ်လို့ အာတီတာက ယုံကြည်နေပါတယ်။

အာဆင်နယ်ဟာ ဆာကာရဲ့ အဖွင့်ဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်တို့ ဂိုး ၂ ဂိုး ပြန်သွင်းခဲ့ကာ ဒုတိယပိုင်းမှာ ထရော့ဇတ်ရဲ့ ခြေပဂိုးက အရေးကြီးခဲ့တာပါ။ ဒီပွဲမှာ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်က ကျေနပ်စရာကောင်းခဲ့ပါတယ်။

အာတီတာက ” ကျနော်တို့ အစကောင်းခဲ့သလို ပွဲကို လွှမ်းမိုးနိုင်ခဲ့တယ်။ ကျနော်တို့ သိပ်ကောင်းတဲ့ဂိုး သွင်းယူခဲ့သလို ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ရင် ခြားနားတဲ့ပွဲဖြစ်ခဲ့မှာပါ။ သူတို့က ဂိုးပြန်သွင်းနိုင်တော့ မသေချာမှုတွေဖြစ်ခဲ့ပါတယ်။

ဒါက ချန်ပီယံလိဂ်မှာ အမှားတွေလုပ်မိရင် အပြစ်ပေးခံရမှာပါပဲ။ သူတို့ကို နေရာလွတ်တွေ ပေးခဲ့မိတယ်။ သူတို့က အတော်လေး အန္တရာယ်ရှိတဲ့အသင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာက အခွင့်အရေးသွားပေးရင် ခံသွားရမယ်။ ဒါက ဘောလုံးရဲ့ အစိတ်အပိုင်းပဲ။

ကျနော်တို့ လုပ်နိုင်တာက ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာလေးတွေကို ထိန်းချုပ်ဖို့ပါပဲ။ ဘိုင်ယန်မြူးနစ် အိမ်ကွင်းထံသွားပြီး သူတို့ကို အနိုင်ယူနိုင်မယ် ယုံကြည်ချက်ရှိပါတယ်။ ကျနော်တို့ အကောင်းဆုံး ပြင်ဆင်ရမှာပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အခြားအတွဲအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးပွဲကတော့ ၃-၃ သရေကျခဲ့တယ်လို့ သိရပါတယ်။