မန်ချက်စတာစီးတီးဟာ မနေ့ညက စပိန်မြေ ရီးရဲလ်တို့ရဲ့ အိမ်ကွင်း ဘာနေဗျူးသို့ သွားရောက်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ယှဉ်ပြိုင် ကစားခဲ့ရာ ၃-၃ နဲ့ သရေကျခဲ့ပါတယ်။

ပွဲဟာ အကြိတ်အနယ်နဲ့ မြိုင်ဆိုင်ခဲ့ပြီး လှပတဲ့ သွင်းဂိုးတွေလည်း မြင်တွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာနဲ့ စီးတီးကွင်းလယ် ကစားသမား ရိုဒရီ တို့က ဘာနေဗျူးကွင်းမှာ သူတို့ စိတ်တိုင်းမကျ ဖြစ်ရတဲ့ ကိစ္စ တစ်ခု ရှိကြောင်း တလေသံတည်း ထွက်ကာ စောဒကတက်ခဲ့ကြပါတယ်။

ပက် ဂွာဒီယိုလာက ” ကွင်းကြီးကတော့ တကယ်ကို အထင်ကြီးစရာပါပဲ။ ဒါပေမယ့် သူတို့ ပိုကောင်းအောင် လုပ်ရမှာက ကွင်းထဲက မြက်တွေကိုပါ။ အမိုးပိတ် ကစားတာကတော့ဗျာ.. ကျွန်တော် ဆိုရင် ကောင်းကင်ကို မြင်ရတာ ပိုကြိုက်တာပေါ့။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ပက်ရဲ့ လေသံ အတိုင်းပဲ စီးတီးကွင်းလယ် ကစားသမား ရိုဒရီကလည်း အခုလို ပြောဆိုခဲ့ပါတယ်။

” မြက်တွေက ရှည်နေတယ်ဗျာ။ ပြောရရင် အတိုအရှည်တွေ့လည်း ညီတာ မဟုတ်ဘူး။ ” လို့ ရိုဒရီကလည်း အတူတကွ ကန့်ကွက်စကား ဆိုခဲ့တာ ဖြစ်ပါတယ်။

ဥရောပ အင်အားကြီး ဒီနှစ်သင်းဟာ စပိန်မြေမှာ သရေကျခဲ့တာကြောင့် ဒုတိယ အကျော့ အီတီဟက်မှာ ပိုမို မြိုင်ဆိုင်တဲ့ ပွဲကောင်း ထပ်မံမြင်တွေ့ရဖို့ ရှိနေပါတယ်။