လီဗာပူးအသင်းဟာ ဒီနွေအပြောင်းအရွှေ့မှာ အပြောင်းအလဲကြီးတွေ ပြုလုပ်မှာဖြစ်ကာ အဓိက ကစားသမား အချို့ကို ရောင်းချဖို့ စီစဉ်လာပါတယ်။

ဒီနှစ်တွေအတွင်း ဆုဖလားအောင်မြင်မှုမှာ အဓိကကျခဲ့တဲ့ တိုက်စစ်မှူး ဆာလာအတွက် ကမ်းလှမ်းမှုတွေ ရှိလာရင် နားထောင်ပေးဖို့ လီဗာပူးအသင်းဘက်က လမ်းဖွင့်ပေးတော့မှာပါ။

မနှစ်ကနွေမှာ ဆော်ဒီဘက်က ဆာလာအတွက် ပေါင် သန်း ၁၅၀ တန်ကြေးရှိ ကမ်းလှမ်းမှုမျိုး လုပ်ခဲ့ပါတယ်။ လီဗာပူးက ငြင်းဆန်ခဲ့ပြီး စျေးကွက် နောက်ဆုံးရက်မှာ ဆော်ဒီဘက်က ပေါင် သန်း ၂၀၀ တန် စာချုပ်မျိုး ထပ်ပို့မယ် သတင်းထွက်ခဲ့ပေမယ့် ထပ်မံ ချိတ်ဆက်ခြင်း မရှိပါဘူး။

လီဗာပူးအသင်းဟာ ကလပ်နဲ့ စာချုပ် ၁ နှစ်ကျော်ပဲ ကျန်ရှိတဲ့ ဆာလာကို ရောင်းချဖို့အပြင် နောက်ထပ် အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဒီယက်ဇ်ကိုလည်း ထွက်ခွင့်ပေးတော့မှာပါ။

ဒီယက်ဇ်ကို ခေါ်ယူဖို့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေပါတယ်။ ကစားသမားရဲ့ အေးဂျင့်က ပီအက်စ်ဂျီတာဝန်ရှိသူတွေနဲ့ စကားပြောထားကာ လီဗာပူးဘက်ကလည်း အပြောင်းအရွှေ့ လမ်းဖွင့်ပေးလိုက်တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားအတွက် လီဗာပူးဘက်က ပေါင် ၇၅ သန်း စျေးသတ်မှတ်ပေးထားတယ်လို့လည်း သိရတယ်။ ပီအက်စ်ဂျီနဲ့အပြိုင် ဘာစီလိုနာကလည်း ဒီယက်ဇ်ကို စိတ်ဝင်စားပေမယ့် ပြောင်းရွှေ့ကြေး တတ်နိုင်ဖွယ် မရှိပါဘူး။

လီဗာပူးအသင်းဟာ စပို့တင်းနည်းပြ အမ်မိုရင်းကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီး ပေါ်တူဂီသားအတွက် ပထမဆုံး ခေါ်ယူရေးမှုအဖြစ် ခံစစ်ကို အာရုံစိုက်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။