လီဗာပူးအသင်းဟာ ဒီနွေမှာ အကြီးစား ပြောင်းလဲမှုတွေ ပြုလုပ်ရဖို့ ရှိနေတာကြောင့် ကစားသမား စာချုပ်ကိစ္စတွေကို ရပ်တန့်ထားတယ်လို့ သိရပါတယ်။

ဒီနွေကျရင် ကလပ်နဲ့ ၁ နှစ်ပဲ စာချုပ်ကျန်ရှိမယ့် ဗန်ဒိုက်၊ ဆာလာ၊ ထရန့်တို့ကို သက်တမ်းတိုးရေးတွေကို လီဗာပူးဘက်က ရှေ့တိုးလာခြင်း မရှိပါဘူး။ သူတို့ရဲ့ အနာဂတ် ရေးရာတွေကို မန်နေဂျာသစ် ခန့်အပ်ပြီးမှ လီဗာပူးဘက်က ရှေ့ဆက်မှာ ဖြစ်ပါတယ်။

ဆာလာ၊ ဒီယက်ဇ်တို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လီဗာပူးအသင်းဘက်ကတော့ သူတို့ရဲ့ အနာဂတ်အတွက် တုန့်ပြန်လာခြင်း မရှိသေးပါဘူး။

မန်နေဂျာသစ် ရောက်လာပြီးတဲ့နောက်မှပဲ စာချုပ်ဆိုင်ရာ ကိစ္စတွေနဲ့ ကစားသမားသစ် ခေါ်ယူရေးကိစ္စတွေမှာ မိုက်ကယ်အတ်ဝပ်၊ ရစ်ချက်ဟုချ်တို့နဲ့အတူ ဆွေးနွေးတိုင်ပင်ကြမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကလော့ပ်နေရာ အစားထိုးဖို့ ပေါ်တူဂီကလပ် စပို့တင်း အသင်းမှ အမ်မိုရင်းကို သဘောကျထားပြီး ညိနှိုင်းစကားပြောနေကြောင်း အသံထွက်နေပါတယ်။ လီဗာပူးနဲ့ နီးစပ်သူတွေကတော့ ဒီသတင်းကို ငြင်းဆန်ထားပါတယ်။

မန်နေဂျာသစ်ဟာ သူ့ရဲ့ နည်းစနစ်နဲ့ ကိုက်ညီမယ့် လူစာရင်းကို ပြန်လည် စုဖွဲ့မှာဖြစ်ပြီး အင်အားဖြည့်မှုတွေကိုလည်း အသင်းဘက်က ပြုလုပ်ပေးဖွယ် ရှိပါတယ်။

ဒီရာသီ အငှားချထားတဲ့ ကစားသမားတွေကိုလည်း အပြီးသတ် ဝယ်ယူခွင့်တွေကို လီဗာပူးဘက်က ခွင့်မပြုထားဘဲ မိခင်အသင်းထံ ပြန်ခေါ်မယ်လို့ သိရတယ်။

ဘွန်ဒက်လီဂါမှာ အငှားထွက်နေတဲ့ ဗန်ဒန်ဘတ်အပြင် ဟူးစီးတီးမှာ တောက်ပနေတဲ့ မော်တန်၊ ကာဗာရိုတို့လည်း လီဗာပူးကို ပြန်လာကြမှာဖြစ်ပါတယ်။