ပရီးမီးယားလိဂ် ဂန္တဝင် ကစားသမားဟောင်းကြီးတွေ ဖြစ်ကြတဲ့ ရီယို ဖာဒီနန်နဲ့ ဂျိုကိုးလ်ကတော့ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုက ဘယ်သူ ဖြစ်မလဲ သုံးသပ် ရွေးချယ်ခဲ့ကြပါတယ်။

နှစ်ဦးလုံးကတော့ ချယ်ဆီးခေါ်ယူခဲ့တဲ့ ပါလ်မာကို အကောင်းဆုံး ခေါ်ယူမှုလို့ ရွေးချယ်ခဲ့ကြတာပါ။ အသက် ၂၁ နှစ် အရွယ် အင်္ဂလန်သား လူငယ်လေးကို deadline day မှာ ချယ်ဆီးက မန်စီးတီးကနေ ပေါင် ၄၂.၅ သန်း သုံးကာ ခေါ်ယူခဲ့တာပါ။

ပါလ်မာကတော့ ချယ်ဆီး ရောက်ရောက်ချင်း ပွဲဦးထွက် ရာသီမှာတင် ခြေစွမ်းပြနေပြီး အသင်း အတွက် အားထားရတဲ့ အဓိက ကစားသမား ဖြစ်လာနေပါတယ်။

ဂျိုကိုးလ်က ” ပါလ်မာက အကောင်းဆုံး ခေါ်ယူမှုပဲ။ သေချာ ပြန်စဉ်းစားလည်း တကယ်ကို သူပဲ အကောင်းဆုံး ခေါ်ယူမှုပါ။ ဒါကို ငြင်းကြမယ် မထင်ဘူး။ သူ့ အသက်အရွယ်နဲ့ ချယ်ဆီး ပေးခဲ့တဲ့ ပြောင်းရွှေ့ကြေး။ သူ လုပ်ပြနေတာတွေကို ကြည့်ကြည့်ပါ” လို့ သုံးသပ် ပြောဆိုလာခဲ့ပါတယ်။

အင်္ဂလန်နဲ့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်ကလည်း ဂျိုကိုးလ် အဆိုကို သဘောတူ ထောက်ခံခဲ့ပါတယ်။

” ဟုတ်တယ်ဗျ၊ ကျွန်တော်လည်း သူလို့ပဲ ထင်တယ်။ မက်ကယ်လစ္စတာကလည်း အတော်တော့ ကောင်းတယ်။ ဒါပေမယ့် ရာသီ အစ အဆုံး ကြည့်မယ် ဆိုရင် ပါလ်မာက ရှေ့ရောက်နေမယ်။ သူက ဘယ်လိုတောင် တည်ငြိမ်နေတာလဲ၊ မယုံနိုင်စရာပဲ ” လို့ ဖာဒီနန်ကလည်း သုံးသပ် ထောက်ခံသွားခဲ့ပါတယ်။