ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ကာရေဂါက ဥရောပဖလားကို လက်လျော့လိုက်ဖို့နဲ့ ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်ဖို့ နည်းပြကလော့ပ်ကို အကြံပေးလိုက်ပါတယ်။

ကာရေဂါက ” လီဗာပူးက ခြေစွမ်းဆိုးရွားသလို ရလဒ်ကလည်း ညံ့ဖျင်းခဲ့တယ်။ ခပ်ပြင်းပြင်း အရှိုက်ထိုးခံလိုက်ရတာဖြစ်ပါတယ်။

နည်းပြကလော့ပ်အနေနဲ့ ပရီးမီးယားလိဂ်ကိုပဲ ပုံအော ကစားသင့်ပြီး ယူရိုပါလိဂ် ဒုတိယအကျော့ကို အရန်တွေပဲ ထုတ်သုံးသင့်ပါတယ် ” လို့ ထင်မြင်ချက်ပေးခဲ့တာပါ။

ကာရေဂါရဲ့ ပြောဆိုမှုကို လီဗာပူးပရိသတ်တွေက သဘောမကျပါဘူး။ ကာရေဂါကို ပရီးမီးယားလိဂ်ပွဲတွေကို သေချာကြည့်ဖို့နဲ့ အရန်ကြောင့် ရှုံးတာ မဟုတ်ဘဲ လီဗာပူးက ဒီလိုပဲ တိုက်စစ်က ဖြုန်းတီးပြီး ခံစစ်က ပွင့်ထွက်နေတာလို့ သတိပေးခဲ့တယ်။

ပရိသတ် အများစုကတော့ ဒီတလော အနိုင်ရထားတဲ့ပွဲတွေမှာ လီဗာပူးအသင်းရဲ့ ခြေစွမ်းက အားရစရာ မရှိကြောင်းနဲ့ ဘယ်လိုလုပ်ပြီး ဖလားစိန်ခေါ်တဲ့ အသင်းတစ်သင်း အနေအထားမှာ ဆက်ရှိနေသလဲဆိုတာ နားမလည်နိုင်အောင်ပဲလို့ ငြီးတွားခဲ့ကြပါတယ်။

၂၀၂၄ အတွင်းမှာ လီဗာပူးအသင်းဟာ မက်ကယ်လစ္စတာရဲ့ ခြေစွမ်းကိုပဲ အဓိက အားကိုးနေရတာဖြစ်ကာ ကွင်းလယ်လူ ခြေစွမ်းပျောက်တာနဲ့တင် အသင်းလိုက် စွမ်းဆောင်ရည်က ကျဆင်းလာနေတာပဲ ဖြစ်ပါတယ်။