ချယ်ဆီးအသင်းဟာ လက်ရှိနည်းပြ ဆာရီကို လျော်ကြေးပေါင် ၇ သန်းနဲ့ ဂျူ ဗင်တပ်အသင်းဆီ လက်လွှတ်လိုက်ဖို့ သဘောတူညီလိုက်ပြီးနောက် ဒါဘီနည်းပြ ယခင် ချယ်ဆီးကစားသမားဟောင်းကြီး လမ်းပတ်ကို ခေါ်ယူနိုင်ဖို့အတွက် တရားဝင် ကမ်းလှမ်းမှုလုပ်ကာ ဆွေးနွေးဖို့ ကြိုးစားလာပါတယ်။

ဆာရီ မထွက်ခွာခင်တည်းက လမ်းပတ်ဟာ ၄င်းနေရာ အစားဝင်ဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပြီး အခုချိန်မှာမှ ချယ်ဆီးက လမ်းပတ်ရဲ့ လက်ရှိအသင်း ဒါဘီနဲ့ပါ ဆွေးနွေးမှု ပြုလုပ်ဖို့ စတင် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ ဆာရီအတွက် ဂျူဗင်တပ်က ချယ်ဆီးထံ လျော်ကြေးပေးဖို့ သဘောတူခဲ့ပြီးနောက် မကြာခင် ရက်ပိုင်းအတွင်းပဲ ဆာရီကို နည်းပြ အဖြစ် အတည်ပြု ကြေငြာတော့မှာပါ။

ချယ်ဆီးက ယခင်ကတော့ လမ်းပတ်ကို တစ်ရာသီ ထပ်စောင့်ဆိုင်းပြီးမှ ခေါ်ယူလိုခဲ့ပေမယ့် ဆာရီ ထွက်ခွာသွားတာကြောင့် အချိန် မဆိုင်းတော့ဘဲ လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ရန် ကြိုးစားလာခဲ့တာပါ။

လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို စတင် တာဝန်ယူပြီး နည်းပြ အဖြစ်စတင်ခဲ့တာကြောင့် အတွေ့အကြုံ နည်းပါးသေးပေမယ့် ပရိသတ်တွေကပါ လမ်းပတ်ကို အလိုရှိနေပြီး ချယ်ဆီး နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ချယ်ဆီး နည်းပြသစ် အဖြစ် လမ်းပတ်အပြင် ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီ၊ ၀က်ဖို့ဒ်နည်းပြ ဂျာဗီဂါစီယာ၊ ၀ုဗ်နည်းပြ နူနိုဆန်တို၊ ကလပ်နည်းပြဟောင်း မော်ရင်ညိုနဲ့ အေဂျက်ဇ်နည်းပြ အဲရစ်တန်ဟတ် တို့လည်း သတင်းထွက်နေပါတယ်။

အသက် ၄၀ ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း လမ်းပတ်ဟာ ချယ်ဆီး အသင်းအတွက် ပွဲပေါင်း ၆၄၀ ကစားပြီး ၂၀၉ ဂိုး သွင်းကာ အသင်းရဲ့ ဂိုးသွင်းအများဆုံးသူ အဖြစ်ရပ်တည်နေပါတယ်။ ဒါ့အပြင် ဂိုး ဖန်တီးမှုပေါင်း အကြိမ် ၁၅၀ ပြုလုပ်ပေးခဲ့ပါတယ်။

လမ်းပတ်ဟာ ချယ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ၃ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် တစ်ကြိမ်စီနဲ့ အက်ဖ်အေဖလား ၄ ကြိမ် ရယူနိုင်ခဲ့ပြီး ပရိသတ်အချစ်တော် ကစားသမားကြီး ဖြစ်ပါတယ်။