မနက်က အာဆင်နယ် ၂-၂ ဘိုင်ယန်မြူးနစ်ပွဲမှာ ရာယာဟာ ခပ်မြန်မြန် ဒိုင်ဗင်ပစ်တတ်သူ ဆိုတာ ကြိုတွက်မိခဲ့ကြောင်း ဟယ်ရီကိန်းက ထုတ်ပြောလာပါတယ်။

၁-၁ ဖြစ်နေချိန် ရလာတဲ့ ပင်နယ်တီ အခွင့်အရေးကို ကိန်းက အဆုံးသတ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အတွက် ဦးဆောင်ဂိုး ရယူခဲ့တာပါ။ ကိန်းဟာ ဘောလုံးကို ခပ်မြန်မြန် မကန်ခဲ့ဘဲ ရာယာ ဟန်ချက်ပျက်မှာကို စောင့်ပြီးမှ အသာအယာ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

၁၆ သင်း ရှုံးထွက်ပွဲတုန်းက ပေါ်တိုပွဲမှာ အာဆင်နယ် ဂိုးသမား ရာယာရဲ့ ပင်နယ်တီ ကာကွယ်မှုတွေကို ဒီပွဲမတိုင်ခင် ကြိုတင် လေ့လာထားတာက အကျိုးဖြစ်ခဲ့တယ်လို့ ကိန်းက ပြောပါတယ်။

” ပေါ်တိုပွဲတုန်းက သူ့ရဲ့ လက်စွမ်းကိုကြည့်ပြီး ကျနော် စူးစမ်းမှုလုပ်ထားပါတယ်။ သူက ထောင့်ထိ ခပ်မြန်မြန် ပစ်နိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်။ ဒီတော့ ကျနော်ကလည်း ကိုယ့်ရဲ့ စတိုင်ကို နည်းနည်းလေး ပြောင်းခဲ့ရတာပါ။

သူ မြန်မြန် ဒိုင်ဗင်ပစ်နိုင်ဖို့ ကြိုးစားတာက ကျနော်အတွက် ပိုလွယ်သွားတာပေါ့ ” လို့ ဟယ်ရီကိန်းက ပြောပါတယ်။

ဟယ်ရီကိန်းဟာ အာဆင်နယ်အသင်းနဲ့ ပြိုင်ဘက်အဖြစ် ပွဲပေါင်း ၂၀ ကစားရာမှာ ၁၅ ဂိုးထိ သွင်းယူထားပါတယ်။