လီဗာပူးအသင်း ပိုင်ရှင်တွေဖြစ်ကြပြီး ဉာဏ်ကြီးရှင်တွေအဖြစ် တင်စားခံရတဲ့ FSG အဖွဲ့ကတော့ ခေတ်သစ်ဘောလုံးလောကမှာ ရှင်သန်ရေးဟာ muti-club တည်ထောင်ခြင်းပဲဖြစ်တယ်လို့ တွက်ဆခဲ့ကြပါတယ်။

ဒါဟာ ယူအီးအက်ဖ်အေရဲ့ ထိန်းချုပ်မှုကြီးမားတဲ့ FFP ကို ဖောက်ထွက်ဖို့ရာ အကောင်းဆုံး ဖြေရှင်းနည်းဖြစ်ပါတယ်။ အင်္ဂလန်ပြင်ပ ကလပ်တစ်သင်းနဲ့အတူ ကြယ်ပွင့်တွေကို လွတ်လပ်စွာ ခေါ်ယူ ပျိုးထောင်ပြီး လီဗာပူးလို အဆင့်မှာ ကစားဖို့ ထိုက်တန်ရင် ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။

လီဗာပူးရဲ့ အမေရိကန်ပိုင်ရှင်တွေဟာ ဒီလုပ်ငန်းစဉ်ကို ဦးဆောင်ဖို့ FSG CEO အဖြစ် မိုက်ကယ်အတ်ဝပ်ကို ခေါ်ယူထားသလို ၎င်းတို့ ဘောလုံးအဖွဲ့ရဲ့ နည်းစနစ်ဒါရိုက်တာကိုလည်း ချိန်ရွယ်ထားခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အသင်းသစ်ကို ဝယ်ယူရေး တရားဝင် လှုပ်ရှားလာတာ မတွေ့ရသေးပေမယ့်လို့ FSG ဝယ်ယူမယ့် ကလပ်အသင်းသစ်ဟာ ဥရောပကလပ်ဖြစ်မယ်လို့ မှန်းဆနေကြပါတယ်။

လီဗာပူးအသင်းဟာ ပေါ်တူဂီ၊ ဘယ်ဂျီယံ၊ ပြင်သစ်နဲ့ စကော့တလန်လိဂ်တွေထဲက ကလပ် တစ်သင်းသင်းကို ဝယ်ယူနိုင်ပါတယ်။

လီဗာပူးအသင်းဟာ ပေါ်တူဂီဘောလုံးလောကနဲ့ အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် ပေါ်တူဂီကလပ်တစ်သင်းက ဦးစားပေးဖြစ်မယ်လို့ တွက်ဆထားကြတယ်။ ၎င်းစျေးကွက်ဟာ တောင်အမေရိက ကစားသမားတွေ စတင် အခြေချရာ နေရာလည်းဖြစ်ပါတယ်။

ဘယ်ဂျီယံလိဂ်က အလုပ်ပါမစ် လွယ်ကူပြီး ပြင်သစ်လိဂ်ဟာ အာဖရိကစျေးကွက်ကို ဖြန့်ကျက်ဖို့ရာ အဆင်ပြေပါတယ်။ စကော့တလန်လိဂ်ကတော့ လီဗာပူးအသင်း ပိုင်ဆိုင်ထားတဲ့ အကယ်ဒမီ ကြယ်ပွင့် ကစားသမားတွေကို အငှားချဖို့ရာ အဆင်ပြေတဲ့ လိဂ်တစ်ခုဖြစ်ပါတယ်။