လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျင်မီရက်နက်ကတော့ လီဗာပူးအသင်းဟာ ယူနိုက်တက်ကို အနိုင်မရခြင်းကြောင့် ဇယားထိပ်က ဆင်းခဲ့ရတဲ့ ဖိအားကို ကိုင်တွယ်နိုင်ခြင်း မရှိတာလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဖလား ၄ လုံး လမ်းကြောင်းကနေ ယူနိုက်တက်ကို ရှုံးနိမ့်အပြီး စတင် သွေဖယ်လာခဲ့တဲ့ လီဗာပူးဟာ အရင်အပတ်က အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို သရေကျခဲ့တဲ့နောက် ဒုတိယနေရာကို ဆင်းခဲ့ရတာပါ။

ကြားရက်မှာ အတ္တလန်တာကို ရှုံးနိမ့်ခဲ့ပြီး ဒီအပတ်မှာ ပဲလေစ့်ကိုပါ ဆက်ရှုံးတာမို့ နောက်ထပ် ဖလား ၂ လုံးကနေ ထွက်ခွာရလုနီးပါး အခြေအနေကို ရင်ဆိုင်နေရပါတယ်။

ရက်နက်က ‘ အရင်အပတ် ယူနိုက်တက်ကို ရှုံးခဲ့တဲ့ သက်ရောက်မှုတွေ ခံစားနေရတာပါ။ အတ္တလန်တာနဲ့ ပဲလေစ့်ကို ဆက်ရှုံးခဲ့တာကို အားလုံး မြင်ကြပါတယ်။ လီဗာပူးက အခွင့်အရေးတွေကို အရမယူနိုင်ခဲ့ပါဘူး။

သူတိူ့က ဂိုးတွေတောင် မသွင်းတတ်တော့ဘူး။ တကယ်ဆို ၆-၂ လောက်ဖြစ်နိုင်တဲ့ အခြေအနေမှာ သူတို့က ယုံကြည်မှုတွေလည်း မရှိကြတော့ဘူး။ တခါတလေမှာ ဒီလောက်ထိ ပြောင်းလဲသွားနိုင်ပါတယ်။

ရက်စက်တဲ့ပွဲတစ်ပွဲဆိုပေမယ့် လီဗာပူးက အခွင့်အရေးတွေ အများကြီးကို လွဲချော်ခဲ့တယ်။ ဘောလုံးရာသီရဲ့ ဒီလို အချိန်မှာ အမြင့်ဆုံး ခြေစွမ်းတွေ ရှိနေရမှာဖြစ်ပေမယ့် လီဗာပူးမှာ ရှိမနေပါဘူး ’ လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဂျင်မီကာရေဂါကလည်း အသင်းခေါင်းဆောင်ဟောင်း ပြောဆိုမှုကို လက်ခံပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာ ရလဒ်ထိခိုက်မှုကနေ လီဗာပူးအသင်း ကျဆင်းလာတယ် ခံစားရတယ်လို့ မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။