အာဆင်နယ်ရဲ့ ခြေချော်မှုက အခွင့်အရေးဖြစ်ခဲ့ကာ မန်စီးတီးက ဇယားထိပ်ကို တက်လှမ်းသွားပေမယ့် ကြိုးစားမှုကို အားမလျော့ကြဖို့ ဂန်းနားတွေကို ဖာဘရီဂတ်စ်က သတိပေးပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာကော ပရီးမီးယားလိဂ်မှာပါ လမ်းကြောင်းမှန်ပေါ်က သွားနေဆဲ အသင်းဖြစ်ကြောင်းနဲ့ ထိပ်သီးအသင်းတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းရဲ့ အရည်အချင်းကို ထုတ်ပြကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဖာဘရီဂတ်စ်က ” ဒီလို စိန်ခေါ်မှုထဲ ပါနိုင်အောင် မင်းတို့တွေ ၈ လ ၉ လ ကြိုးစားလာရတာ၊ အကောင်းဆုံးဖြစ်အောင် ဆက်လုပ်ကြပါ။ ဘာတွေပဲဖြစ်ဖြစ်လာလာ ကြိုးစားမှုတွေကို မပြောင်းလဲပဲ ဆက်လက် အားထုတ်ကြပါ။

အာဆင်နယ်က လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်။ ဥရောပမှာလည်း နည်းပြကောင်းတွေ၊ အသင်းကောင်းတွေကို သွားရောက် ရင်ဆိုင်နေရတယ်။

အရာအားလုံးက အာဆင်နယ်ဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်သင်းဖြစ်တယ်၊ အကောင်ဆုံးတွေကို ယှဉ်ပြိုင်နိုင်တယ် ဆိုတာကို ပြသနေပါတယ်။

စီးတီးက ပိုကောင်းတဲ့ ပွဲစဉ်ဇယား ပိုင်ကောင်းပိုင်လိမ့်မယ်။ ဒါပေမယ့် အခုလို အာဆင်နယ် ဖလားစိန်ခေါ်လာနိုင်တာ မြင်ရတာ သိပ်ကောင်းတာပါပဲ ” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ကျန် ပွဲစဉ်တွေထဲမှာ ချယ်ဆီး၊ စပါး၊ မန်ယူနိုက်တက်တို့နဲ့ ထိပ်တိုက်တွေ့ဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။