အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၂-၀ ဖြင့် အရေးနိမ့်ပြီး ပရီးမီးယားလိဂ်ဖလား ရေပန်းစားမှုမှာ နောက်ရောက်ခဲ့ခြင်းဟာ အာဆင်နယ်အသင်းကို အတော်လေး စိတ်ထိခိုက်စေခဲ့ပါတယ်။

The Athletic ရဲ့ အဆိုအရ အဆိုပါပွဲမှာ ပြသခဲ့တဲ့ ဇင်ချန်ကိုရဲ့ စွမ်းဆောင်ရည်ကို အာဆင်နယ်ပရိသတ်​တွေ စိတ်ပျက်ခဲ့သလို နည်းပြအာတီတာကလည်း ဘယ်ခြမ်းအပေါ် စိုးရိမ်မှုရှိတယ်လို့ သိရပါတယ်။

ဒါကြောင့်ပဲ တိုမီယာဆု၊ ကီဝီအာ၊ တင်ဘာတို့ကိုလည်း ဘယ်ခြမ်းအတွက် မျှော်လင့်နိုင်ပေမယ့် အာဆင်နယ်ကတော့ ဘယ်အစွန်လူသစ် တစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီတစ်ခုလုံးမှာ ပြသခဲ့တဲ့ ဇင်ချန်ကိုရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် စာချုပ်သစ်ပေးရေး စတင် စကားပြောနေခြင်းလည်း မရှိပါဘူး။

ဒီကရှေ့ အာဆင်နယ်မှာ ဇင်ချန်ကို ပုံမှန် နေရာရဖို့ မသေချာတော့ဘဲ အနာဂတ် ကိစ္စကိုတော့ ရာသီကုန်မှာ ဆုံးဖြတ်သွားကြဖွယ် ရှိပါတယ်။ ယူကရိန်းခံစစ်သမား နည်းတူ ဂျော်ဂျင်ဟိုကလည်း အာဆင်နယ်နဲ့ အနာဂတ်ကို နွေမှာ စဉ်းစားသွားဖွယ် ရှိပါတယ်။

အာဆင်နယ်ရဲ့ နွေပစ်မှတ်တွေထဲမှာ တိုက်စစ်သမားနဲ့ ကွင်းလယ်လူ ဖြည့်တင်းရေးတွေလည်း ပါဝင်ထားတာ ဖြစ်ပါတယ်။