တန်းဆင်းဇုန်ကလပ် ဘန်လေကို အိမ်ကွင်းမှာ ၁-၁ သရေကျပြီးနောက် ယူနိုက်တက်ရဲ့ ကစားအားက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးထဲ ပါဝင်တယ်လို့ တန်ဟက်က ထုတ်ပြောလာပါတယ်။

လက်ရှိ ယူနိုက်တက်ရဲ့ ကစားဟန်နဲ့ ပတ်သက်လို့ ဝေဖန်သူတွေ ရှိလာချိန်မှာ တန်ဟက်က ‘ ကျနော်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ ပေါက်ကွဲမှု အကောင်းဆုံး ဖျော်ဖြေမှု အပေးနိုင်ဆုံး အသင်းတွေထဲက တသင်းပါ ‘ လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

တန်ဟက်ကတော့ သူ့အသင်းကို ဆာအဲလက်စ် ဖာဂူဆန်ခေတ်နဲ့ နှိုင်းယှဉ်လိုက်ပြီး တည်ဆောက်နေဆဲ ကာလမို့ စိတ်ရှည်ပေးရမယ်လို့ သတိပေးမှုလည်း လုပ်ခဲ့ပါတယ်။

တန်ဟက်က ‘ လူတွေက ၂၀၀၄-၂၀၀၅ တုန်းက ယူနိုက်တက်ကို မေ့နေကြတယ်။ ရွန်းနီ၊ ရော်နယ်ဒိုတို့နဲ့ အသင်းသစ်ကို ဆာအဲလက်စ် အထိုင်ချနေချိန် သူတို့တွေကလည်း ကောင်းကောင်း ကစားနိုင်ခဲ့တာ မဟုတ်ပါဘူး။

သူတို့ ပြန်တည်ဆောက်နေချိန်မှာ အချိန်ယူခဲ့ရတာပဲလေ။ ဒါကို အားလုံး မေ့နေကြတယ်။ အဲ့အသင်းမှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားဟောင်းတွေ ကိုယ်တိုင်ပေါ့ ‘ လို့ ပြောခဲ့တာပါ။

ဒီရာသီ တန်ဟက်ရဲ့ ပွဲပြီး အင်တာဗျူးတွေဟာ အတော်လေးကို ဝေဖန်ခံနေရတာဖြစ်ကာ လာမယ့်ရာသီ ယူနိုက်တက်မှာ ဆက်ရှိနေဖို့ အခွင့်အရေး နည်းပါးသွားမယ် တွက်ဆရတာ ဖြစ်ပါတယ်။