ရီးရဲလ်မက်ဒရစ် တိုက်စစ်သမားလေး အဆန်စီယိုကို အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ဖူးတဲ့ အင်္ဂလန်ကလပ်တွေအတွက် လာလီဂါကလပ်က ပြောင်းရွှေ့ကြေး သက်မှတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။

မာဆေးဆိုဒ်ကလပ် လီဗာပူးနဲ့ လန်ဒန်အခြေစိုက် စပါးအသင်းဘက်က အဆန်စီယိုကို ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေတုန်းက ဆက်သွယ်ဖို့ ကြိုးစားခဲ့ဖူးတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ပေါင် သန်း ၈၀ ရမယ်ဆိုရင် အဆန်စီယိုကို ခေါ်ယူနိုင်မယ်လို့ အကြောင်းပြန်လာပါတယ်။

၂၀၁၆ ခုနှစ်မှာ အက်ပန်ညိုကနေ ရီးရဲလ်ကို ပြောင်းလာတဲ့ စပိန်သားလေးဟာ အနာဂတ် အစီအစဉ်တွေမှာ အဓိကကျမယ့် ကစားသမားတစ်ဦးအဖြစ် ထင်မြင်ချက်ကောင်းတွေ ရထားခဲ့သလို စပိန်ရဲ့ အနာဂတ် ကစားသမားအဖြစ်လည်း ယူဆခြင်း ခံထားရသူဖြစ်တယ်။

အဆန်စီယိုအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေးက ပေါင် ၆၁၈ သန်းထိတောင် ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ နွေအပြောင်းအရွှေ့ ကစားသမားခေါ်ယူမှု များစွာ ပြုလုပ်ထားတဲ့ ဇီဒန်းရဲ့ ကလပ်ဟာ အဆန်စီယိုကို ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့ပြီဖြစ်တယ်။

လာလီဂါကလပ်မှာ ပုံမှန်ပွဲထွက်ခွင့် တိုက်ပွဲဝင်နေရတဲ့ အဆန်စီယိုကို မနှစ်နွေတုန်းက ပရီးမီးယားလိဂ်ကလပ် လီဗာပူးဘက်က ဈေးမေးခဲ့တာပါ။ ဒါပေမယ့်လို့ မက်ဒရစ်အခြေစိုက် ကလပ်ဟာ စပိန်လူငယ်လေးကို ကလပ်အသင်းမှာပဲ ဆက်ရှိနေဖို့ ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။