အင်္ဂလန်မှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ထုတ်ပြောထားတဲ့ တော်ရဲရားကို ရောင်းထုတ်ဖို့ ကလပ်အသင်း တာဝန်ရှိသူတွေက အလေးအနက် စဉ်းစားလာပြီဖြစ်ကြောင်း သတင်းတွေ ကျယ်ပြန့်လာနေပါပြီ။

တော်ရဲရားဟာ ပြီးခဲ့တဲ့ နွေကမှ အာဆင်နယ်ကို ရောက်ရှိလာသူ ဖြစ်သော်လည်း အသင်းရဲ့ အဓိက ပွဲထွက် ကစားသမား တစ်ယောက် ဖြစ်ကာ ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှု ခံယူနေရသူပါ။ ဒါပေမယ့် ဒီတလောမှာပဲ တော်ရဲရားကို အေစီမီလန်အသင်းကနေ အီတလီမြေကို ပြန်လည် ခေါ်ဆောင်သွားဖို့ ကြိုးစားလာခဲ့ပါတယ်။

တော်ရဲရားဟာ ဆမ်ဒိုရီးယားအသင်းကနေ သူ လုံးဝ မကျင်လည်ဖူးသေးတဲ့ ပရီးမီးယားလိဂ်မှာ လာရောက် ကစားခဲ့ရပေမယ့်လည်း အာဆင်နယ်ကစားဟန်နဲ့ အံ့ဝင်ခွင့်ကျမှုရှိခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ အကောင်းဆုံးခေါ်ယူမှုထဲမှာ ပါဝင်ခဲ့သူပါ။

တော်ရဲရားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ အထိကို ပါဝင်ကစားပေးနိုင်ခဲ့ပြီးတော့ ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ၅ဂိုး အထိ ဖန်တီးပေးထားခဲ့ပါတယ်။ သူဟာ အာဆင်နယ်အတွက် ပွဲတိုင်းနီးပါးကို ပါဝင်ကစားခွင့်ရခဲ့ပြီး ပါဝင်တဲ့ပွဲတိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ကစားပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အီတလီသတင်းဌာနတွေရဲ့ အဆိုအရ အေစီမီလန်ဘက်က အာဆင်နယ် အမှုဆောင်ချုပ်ဟောင်း ဂါဇီဒစ် ဦးဆောင်ပြီး တော်ရဲရားအတွက် စုံစမ်းမှုတွေ ပြုလုပ်လာခဲ့ချိန်မှာ အာဆင်နယ်ဘက်က ပေါင် ၃၅ သန်းရရင် ရောင်းချမယ်လို့ တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။