ဂွာဒီယိုလာရဲ့ ဒီနွေ ဦးစားပေး ပစ်မှတ် အက်သလက်တီကို ကွင်းလယ်ကစားသမား ရိုဒရီကို ပြောင်းရွှေ့ကြေး ပေါင် ၆၂ သန်းနဲ့ အပြောင်းအရွှေ့ ပြီးစီးတော့မယ်လို့ သိရပါတယ်။ ရိုဒရီဟာ ဘိုင်ယန်ကို ငြင်းပယ်ပြီး မန်စီးတီးကို ရွေးချယ်ခဲ့တာပါ။

မန်စီးတီးနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုးလိုက်တဲ့ အင်္ဂလန်သား ညာအစွန်လူ ဝေါ်ကာက လာမယ့်ရာသီ သူ့ရဲ့ ရည်မှန်းချက်က မန်စီးတီးနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်နိုင်ဖို့ဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။

ပြင်သစ်သတင်းဌာနတွေမှာ မန်စီးတီးဟာ ရေရှည်အတွက် ရည်ရွယ်တဲ့ ကင်းထောက်မှုတွေကို လိုင်ယွန်ကွင်းလယ်လူ အော်ရေးအတွက် ဆက်လက်ထားရှိဖို့ အစီအစဉ်ဆွဲထားဆဲလို့ ထုတ်ဖော်လိုက်ပါတယ်။

မန်စီးတီးဟာ ဂျူဗင်တပ်မှ ခံစစ်မှူး ကန်ဆယ်လိုကိုလည်း ခေါ်ယူနိုင်လု နီးပါး ရှိနေပြီး ကစားသမားကိုယ်တိုင်က အထုတ်အပိုးတွေ သိမ်းဆည်းနေပြီ ဖြစ်ကြောင်း အီတလီသတင်းတွေက ဖော်ပြနေပါတယ်။ ဂျူဗင်တပ်က ကန်ဆယ်လိုအတွက် ယူရို သန်း ၆၀ အလို ရှိနေပြီး ဒန်နီလို ပါဝင်တဲ့ အလဲအထပ် ကမ်းလှမ်းမှုကို ငြင်းဆန်ထားပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံရာသီမှာ ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ၀င်ခဲ့တဲ့ အပြင် မန်စီးတီးကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ခဲ့တဲ့နောက် စပါးတိုက်စစ်သမား ဆွန်ယောင်မင်ကတော့ နောက်ဘောလုံးရာသီမှာ ဒိထက် ပိုမိုတဲ့ အောင်မြင်မှုတွေ အလိုရှိကြောင်း ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေ အလေးအနက်ထား ချိတ်ဆက်ခဲ့ကြတဲ့ နယ်သာလန်သား ခံစစ်သမား ဒီလစ်ဟာ စီးရီးအေကလပ် ဂျူဗင်တပ်နဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

ဖာနန်ဒင်ဟိုက မကြာသေးမီက အသက် ၃၄ ပြည့်ခဲ့တာနဲ့အတူ သူ့အတွက် ရေရှည် အစားထိုးနိုင်မယ့်သူ ရရှိဖို့က စီးတီးအတွက် ဖိအားဖြစ်နေပြီး ရိုဒရီမှာ စီးတီးရှာဖွေနေတဲ့ အရည်အသွေးတွေ ရှိကြောင်း Sky Sports က ပြောရာမှာ

” ဖာနန်ဒင်ဟိုကို အစားထိုးဖို့က ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ဥရောပတစ်ခွင်ကို ကြည့်လိုက်ရင် ရိုဒရီက အထင်ရှားဆုံး ပြိုင်ဘက် တစ်ယောက်ပါ။ ” လို့ဖြစ်ပါတယ်။