လီဗာပူးအသင်းဟာ များစွာ တိုးတက်မှုတွေ ရှိနေပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ဘောလုံးရာသီက သက်သေပြခဲ့ပြီလို့ လီဗာပူးကွင်းလယ် ကစားသမား ဂျီနီ ၀ိုက်နယ်ဒန်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရီးရဲလ်ဘက်တစ်အသင်းဟာ လီဗာပူးတိုက်စစ်မှူး အိုရီဂီကို ခေါ်ယူရန် ကြိုးစားဖို့ ကြံရွယ်လာပြီး လီဗာပူးအသင်းဘက်ကတော့ အိုရီဂီကို ရောင်းချရန် အစီအစဉ် မရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က သတင်းထွက်ထားပါတယ်။

ချယ်ဆီးတိုက်စစ်မှူးဟောင်း ဆမ်မြူရယ် အီတိုးက လီဗာပူးအသင်းမှ အီဂျစ်သား တိုက်စစ်မှူး မိုဟာမက် ဆာလက်ကို စပိန်သို့ ပြောင်းမယ် ဆိုရင် ၄င်းကစားပုံနဲ့ အံဝင်လိုက်ဖက်ညီမယ့် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ ကစားဖို့ တိုက်တွန်းသွားပါတယ်။

ဘာစီလိုနာက ပီအက်စ်ဂျီ ထံမှ နေမာကို ပြန်လည် ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး အဖြစ် ပေါင် သန်း ၉၀ နဲ့ လီဗာပူး ကစားသမား ဟောင်း ဖိလစ် ကော်တင်ညိုကို ကမ်းလှမ်းရန် ပြင်ဆင်လာပါတယ်။

အင်တာမီလန်အသင်းဟာ လိုင်လီအသင်းမှ နစ်ကိုးလပ်စ် ပီပီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း ပြင်သစ်သတင်းမှာ ဖော်ပြပါရှိပါတယ်။ အက်သလက်တီကိုဘက်ကလည်း အင်တာ နည်းတူ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပြီး နစ်ကိုးလပ်စ် ပီပီကို လီဗာပူး အပါအ၀င် ပရီးမီးယားလိဂ် ထိပ်သီးအသင်းများကလည်း အလိုရှိနေတာပါ။

လီဗာပူးနဲ့ စပါးတို့ အပြိုင် ကြိုးပမ်းနေတဲ့ ၀က်စ်ဘရွန်း ကွင်းလယ် လူငယ်ကစားသမား ရီကင် ဟာပါကို ဂျူဗင်တပ်အသင်းက ပရီးမီးယားလိဂ် ကလပ်များကို ကျော်ဖြတ်ပြီး ခေါ်ယူနိုင်မယ် ယုံကြည်နေပါတယ်။ အသက် ၁၉ နှစ်အရွယ် အင်္ဂလန်သားဟာ ၀က်စ်ဘရွန်းနဲ့ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေက လက်ရှိ ကျင်းပနေတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးအသင်းအတွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်သမား အဲဗာတန်ကို ခေါ်ယူပေးဖို့ ကလပ်အသင်း တာဝန်ရှိသူတွေကို တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။