မန်စီးတီးဟာ ပရီးမီးယားလိဂ် အာရှဖလားပြိုင်ပွဲအဖြစ် ဝုဗ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ မိနစ် ၉၀ တွင်း သရေရလဒ်ပဲ ထွက်ပေါ်ခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ပါတယ်။ မန်စီးတီးက ဗိုလ်စွဲသွားတဲ့ ဝုဗ်အသင်းကို ဂုဏ်ယူပါကြောင်း တွစ်တာစာမျက်နှာက တစ်ဆင့် အသိအမှတ်ပြုသွားခဲ့ပါတယ်။

ဝုဗ်ဂိုးသမား လက်စွမ်းပြခဲ့တဲ့ အဆိုပါ ခြေစွမ်းပွဲမှာ မန်နေဂျာ ဂွာဒီယိုလာကတော့ ဒီဘရိုင်း အပါအဝင် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

မန်နေဂျာ ဂွာဒီယိုလာက မနှစ်ကရာသီ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ရာသီကြိုမှာ ပြန်လည်ပါဝင်ပေးနေတဲ့ ကွင်းလယ်လူ ဒီဘရိုင်းရဲ့ ခြေစွမ်းကို နှစ်သက်မှု ရှိတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

မန်စီးတီးဟာ နွေအပြောင်းအရွှေ့မှာ ခံစစ်မှူးသစ်တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီမှု စည်းမျဉ်းအရရော၊ ကစားသမားတွေရဲ့ ပွဲထွက်ခွင့်အရပါ အသင်းသား နှစ်ဦးကို ရောင်းထုတ်ရဖို့ ရှိနေပါတယ်။

ဂွာဒီယိုလာက အသင်းမှာ မပျော်တဲ့ ကစားသမားကို ဆက်ထိန်းထားမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပေမယ့် ပေါင်သန်း ၁၀၀ တန် ဆာနေးအတွက် ဘိုင်ယန်ဘက်က ကမ်းလှမ်းမှု မလုပ်ခဲ့ပါဘူး။ ဆာနေးဟာ တရုတ်မှာ စီးတီးရဲ့ နှစ်ပွဲလုံး ကစားခဲ့ပါတယ်။