ဂျပန်မှာ ယှဉ်ပြိုင်ကစားတဲ့ ချစ်ကြည်ရေးပွဲမှာ ချယ်ဆီးအတွက် ပထမဆုံး ကွင်းထဲ ဝင်ရောက်ကစားပေးနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ်သမား ပူလာဆစ်က သူဟာ ရီးရဲလ်မက်ဒရစ်ကို ထွက်ခွာသွားတဲ့ ဟာဇက်နေရာမှာ အစားဝင်ဖို့ အသင်းပြောင်းလာခြင်း မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးမန်နေဂျာ လမ်းပတ်က အသင်းရဲ့ ကွင်းလယ်မှာ မေဆန်မောင့်ကို တိုက်စစ်ကို ပံ့ပိုးပေးရတဲ့ နေရာကို တာဝန်ယူစေဖို့နဲ့ ဘာကလေကို ကွင်းလယ်မှာ လွတ်လွတ်လပ်လပ် ကစားခွင့်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ချယ်ဆီးကနေ အငှား ကစားပြီးပြန်လာတဲ့ တိုက်စစ်မှူး ဟီဂူအင်ကို ဂျူဗင်တပ်က အငှား ထပ်မံ စေလွှတ်တော့မှာ ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ ရိုးမားကို အငှားလွှတ်မှာ ဖြစ်ကြောင်း အီတလီသတင်းများမှာ ဖော်ပြလာပါတယ်။

ချယ်ဆီးအသင်းမှ ပြင်သစ်သား ကွင်းလယ်ကစားသမား ကန်တေဟာ ၄င်းရဲ့ ဒဏ်ရာ ဆက်လက်ကုသမှုများ ခံယူရန် ဂျပန်မှာ ပြုလုပ်နေတဲ့ အသင်း ရာသီကြို လေ့ကျင့်မှုများကနေ ထွက်ခွာခဲ့ပြီး လန်ဒန်သို့ ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်က အသင်းကို တာဝန်ယူစဉ်တည်းက ခက်ခဲမှုများ ရင်ဆိုင်ရမယ်ဆိုတာ သိရှိခဲ့ကြောင်းနဲ့ ဆရာဟောင်း ချယ်ဆီးနည်းပြတွေနဲ့ ဆက်သွယ်မှုတွေ ရှိနေကြောင်း ဖွင့်ဟလိုက်ပါတယ်။

“ကျနော် ဟိုဆေးမော်ရင်ညို နဲ့ စာတွေပို့ဖြစ်တယ်။ ကားလို့စ် အန်ဆယ်လော့တီ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်။ ကျနော် ဟိုဆေး အကြောင်း၊ သူ ဒီကို ပထမဆုးံ စလာခဲ့တဲ့အချိန် သူကျနော့်ကို ပေးခဲ့တဲ့ တွန်းအား၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ နည်းဗျူဟာပိုင်း ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ထက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အကြောင်းတွေကို ပြောခဲ့တယ်။ ” လို့ လမ်းပတ်က ဆိုပါတယ်။