ဆာလီဘာကို ခေါ်ယူနိုင်ခဲ့ပေမယ့် စိန့်အီတီနီအသင်းထံ အငှားပြန်ချခဲ့ခြင်းဟာ ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ တောင်းဆိုမှုအပေါ် ကစားသမားလေး ရင်ဆိုင်နိုင်ဖို့ရာ ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့နဲ့ ပုံမှန်ပွဲထွက်ခွင့်တွေအတွက် အတွေ့အကြုံကောင်းတွေ ရရှိစေဖို့ ဖြစ်ကြောင်း အာဆင်နယ် အကြီးအကဲ ဆမ်လီဟီက ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ဆာလီဘာက အာဆင်နယ်နဲ့ သဘောတူညီမှု ရပြီးနောက် အသင်းမှာ ခေတ္တ လေ့ကျင့်ရေးမှာ ပူးပေါင်း ပါဝင်ခဲ့ကာ လက်ရှိကလပ်အသင်းထံ ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဖြစ်သူ ဟာဗီယာ အာမီချာဟာ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဟမ်းဘတ် အသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ် အရွယ် အာမီချာဟာ ကျောနံပါတ် ၁၈ ကို ဝတ်ဆင်မှာ ဖြစ်ပြီး ဟမ်းဘတ် အသင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုမှာ ဖြစ်ကြောင်း သိရှိ ရပါတယ်။

လိုင်လီတောင်ပံတိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီကို ခေါ်ယူဖို့ နာပိုလီအသင်းနဲ့ သဘောတူညီမှု ရရှိပြီး ဖြစ်ပေမယ့် အာဆင်နယ်အသင်းက ကစားသမားကို လစာ ဈေးအမြင့်ဆုံးပေးကာ ၀င်ရောက် ကမ်းလှမ်းမှု ပြုလုပ်လာပါတယ်။

အာဆင်နယ်နဲ့ ဘာစီလိုနာ အသင်းသားဟောင်း ဘယ်လ်ဂျီယံသား ခံစစ်မှူး သောမတ် ဗာမေးလန်းဟာ ဂျပန် ဂျေလိဂ်ကလပ် ဗေဆယ် ကိုဘေးအသင်းသို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ လီဗာပူး၊ အာဆင်နယ်တို့ ပစ်မှတ်ထားနေတဲ့ အေဂျက် ကွင်းလယ်တိုက်စစ် ကစားသမား ဇီယက်ဟာ လာလီဂါကလပ် ဆီဗီလာထံမှာ ကမ်းလှမ်းမှု ရရှိပေမယ့် ပယ်ချခဲ့ကြောင်း ၀န်ခံ ပြောကြားလိုက်ပါတယ်။