လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ မာဆေးဆိုဒ်ကလပ်အသင်းကို ချန်ပီယံလိဂ် ဗိုလ်စွဲအောင် ဦးဆောင်ခဲ့ပြီးနောက် ဂျာမနီမှာ ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ရရှိခဲ့ပါတယ်။ ကစားသမားဆုကိုတော့ ဒေါ့မွန်မှ မာကိုရူးစ်က ရရှိခဲ့တာပါ။

လီဗာပူးဟာ ပြင်သစ်က Evian မှာပြုလုပ်မယ့် ရာသီသစ်အတွက် အရေးကြီးဆုံးသော ရာသီကြို ပြင်ဆင်မှု သီတင်းပတ်ကို စတင် သွားတော့မှာဖြစ်ပြီး နေးဖီးလစ်၊ ကာတစ်ဂျုံးနဲ့ ဘမ်ဝုဒ်ဘမ်းတို့ ပါဝင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။

ထို သုံးဦးဟာ နာပိုလီနဲ့ပွဲ မတိုင်ခင်တည်းက ယူ-၂၃ အသင်းထံ ပြန်ပို့ခံခဲ့ရပြီး စီနီယာတွေနဲ့ ရာသီကြို ပြင်ဆင်မှုတွေကို လိုက်ပါခွင့် ရတော့မှာ မဟုတ်ပါဘူး။

ယာဂင်ကလော့ပ်က ကွန်မြူနတီဒိုင်းပွဲအကြိုအဖြစ် နာပိုလီပွဲအပြီး ပြုလုပ်တဲ့ အင်တာဗျူးမှာ အဆိုပါ လူငယ်တွေနဲ့အတူ ရာသီသစ်အတွက် ပြင်ဆင်မှုမှာ ပါဝင်ခွင့်ရမယ့် လူငယ်တွေကိုလည်း ရွေးချယ်ခဲ့ကြောင်း ထုတ်ပြောခဲ့ပြီး ရိုင်ယန်ကန့်ကိုလည်း ရောင်းထုတ်မယ့်သဘော ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ကိတ်တာနဲ့ တောင်ပံသမား ရှာကွီရီတို့ဟာ အသင်းနဲ့ ပြန်လည် ပူးပေါင်းခဲ့ကြပါပြီ။ လီဗာပူးဟာ နောက်ဆုံးသော ရာသီကြိုပွဲအဖြစ် လိုင်ယွန်နဲ့ ကစားရမှာဖြစ်ပါတယ်။

လာမယ့်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဟာ မန်စီးတီး၊ လီဗာပူးတို့ နှစ်ကောင်တည်း ပြေးတဲ့ မြင်းပြိုင်ပွဲလို ဖြစ်မှာ မဟုတ်ဘဲ အခြားအသင်းကောင်းတွေ အများအပြားနဲ့ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန် ခက်ခဲလာမှာ ဖြစ်ကြောင်း ကလော့ပ်က ပြောကြားခဲ့ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က သူဟာ အခြားသော ကလပ်အသင်းတွေရဲ့ ငွေကြေးအင်အား တောင့်တင်းမှုနဲ့ အသုံးစရိတ်ကြီးတွေ ပိုင်ဆိုင်နေခြင်းကို မနာလိုဖြစ်နေခြင်း မရှိပေမယ့် လီဗာပူးကတော့ လူသစ်ခေါ်ယူမှုတွေကို အကြီးအကျယ် မလုပ်ဘူးလို့ ပြောဆိုပါတယ်။