မန်ယူအသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ဖူးတဲ့ ဒေးဗစ်မိုယက်စ်က လက်ရှိနည်းပြ ဆိုးရှားဟာ အိုးထရက်ဖို့ဒ် အခြေစိုက် ကလပ် အသင်းမှာ အောင်မြင်နိုင်ပေမယ့် ခက်ခဲ့တဲ့ ရာသီ၊ ခက်ခဲတဲ့ စိန်ခေါ်မှုတွေ တန်းစီ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးစကား ဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လိုင်ယွန် တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ရန် ပြင်ဆင်လာပါတယ်။ အာဆင်နယ်နဲ့ ပွဲမှာ ခြေစွမ်းပြကာ နှစ်ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး အတွက် မန်ယူတို့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ကျော် သုံးမှ ရမှာပါ။

ဖာနန်ဒက်စ်ဟာ စပို့တင်းရဲ့ ရာသီကြိုပွဲမှာ ပါဝင်ကစားပြီး မျက်ရည်ကျခဲ့တဲ့ အပြုအမှုကြောင့် သူဟာ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ကိစ္စ ပြီးမြောက်ခဲ့ပြီလို့ ကောက်ချက်ချသူတွေ များပြားနေခဲ့ပါတယ်။

ဒါပေမယ့် စပို့တင်း မန်နေဂျာ Marcel Keizer က သူ ကိုယ်တိုင်တောင် သေချာမသိကြောင်းနဲ့ ၄င်း ကတော့ ဖာနန်ဒက်စ်ကို ပေါ်တူဂီ ကလပ်မှာပဲ ဆက်နေစေလိုတယ်လို့ ဖြေဆိုပေးခဲ့ပါတယ်။

မန်ယူနိုက်တက်က ချိတ်ဆက်မှုတွေ ပြုလုပ်နေတဲ့ ခံစစ်မှူး မက်ဂွဲရားဟာ လက်စတာအသင်းရဲ့ တနင်္လာနေ့ လေ့ကျင့်ရေးမှာ ပါဝင်ခြင်း မရှိပဲ ဖျားနေခြင်းကြောင့်လို့ ဖုန်းဆက်ပြီး ခွင့်တိုင်ခဲ့တယ်လို့ သိရပါတယ်။

မန်ယူ ခံစစ်မှူးဟောင်း ပြင်သစ်သားကြီး ပက်ထရစ် အီဗရာဟာ အသက် ၃၈ နှစ် အရွယ်မှာ ဘောလုံးကစားခြင်းမှာ အနားယူပြီ ဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။ ၄င်းက မန်ယူအသင်းအပြင် မိုနာကို၊ နိုက်စ်၊ မာဆေးအသင်းတို့မှာ ကစားဖူးပြီး ၂၀၁၈ မှာ ၀က်စ်ဟမ်းအသင်းမှာလည်း ကစားခဲ့ဖူးသူပါ။

အဲဗာတန်ဟာ ဇာဟာအတွက် ဒုတိယမြောက် ကမ်းလှမ်းမှုအဖြစ် ပေါင် ၅၅ သန်းအပြင် တိုဆန်နဲ့ မက်ကတ်တီတို့ကို အလိုက်ပေးဦးမယ့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။

အသင်းပြောင်းမယ့် သတင်းတွေ ထွက်နေပေမယ့် ဒိုင်ဘားလားဟာ တော့တင်ဟမ်ရော မန်ချက်စတာယူနိုက်တက် ထံသို့ပါ ပြောင်းရွှေ့ဖို့ စိတ်မ၀င်စားဘဲ နည်းပြသစ် ဆာရီရဲ့ ဂျူဗင်တပ်အသင်းမှာပဲ ၄င်း ကစားခွင့် အတွက် တိုက်ပွဲဝင် ကြိုးစားသွားလိုနေပါတယ်။

မန်ယူအသင်းဟာ ပေါ့ဘာကို ဆက် ဆွဲမထားသင့်ဘဲ ထွက်ခွာခွင့် ပေး လိုက်သင့်ပြီ ဖြစ်ကြောင်း အသင်း ကွင်းလယ်ဟောင်းကြီး ရှဝိုင်းစတိုင်ဂါ က အကြံပြု စကား ဆိုလိုက်ပါတယ်။ အသင်းကနေ ထွက်ခွာလိုနေတဲ့ ပြင်သစ်သားကြောင့် ရှဝိုင်းစတိုင်ဂါက ကလပ်အသင်းမှာ ရာနှုန်းပြည့် စိတ်မရှိတဲ့သူတွေ ဆက်လက် ထိန်းမထားသင့်ကြောင်း အကြံပြုလိုက်တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ရဲ့ ရာသီကြို နောက်ဆုံးပွဲစဉ် မတိုင်ခင် နော်ဝေမှာ ပထမဆုံး လေ့ကျင့်ရေးကို ပြုလုပ် ခဲ့ပါတယ်။ ယူနိုက်တက်အသင်းသားတွေဟာ ဆိုးရှားရဲ့ မွေးရပ်မြေ ကို တနင်္လာနေ့ က ရောက်ရှိခဲ့ပြီး နောက်တစ်ရက်မှာ အော့စလိုမှာ ရှိတဲ့ Ullevaal ကွင်းမှာ လေ့ကျင့်ရေး ဆင်းခဲ့တာပါ။