မန်နေဂျာ ယာဂင်ကလော့ပ်က အသင်းဟာ မနှစ်က ထိပ်တန်းအဆင့် ခြေစွမ်းတွေကို ပြန်ရအောင် ဦးစားပေးလုပ်ဆောင်မှာဖြစ်ပြီး ပြီးရင်တော့ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။

လီဗာပူးကွင်းလယ်တိုက်စစ်သမား ချိန်ဘာလိန်က ဒဏ်ရာကြောင့် တစ်ရာသီနည်းပါး အနားယူခဲ့ရတာက ခက်ခဲလွန်းလှတယ်လို့ ဝန်ခံခဲ့ပြီး ရာသီသစ်အတွက် အကောင်းဆုံး အားမွေးနေပါကြောင်း ပြောဆိုပါတယ်။

လီဗာပူး အစွန်ကစားသမားဟောင်း ဒေါ့ဆန်နာက ဒိုင်ဘာလာအနေနဲ့ လီဗာပူး (သို့) မန်စီးတီးကို ရွေးချယ်မယ်ဆိုရင် အောင်မြင်ဖို့ ရာနှုန်းများပေမယ့် ယူနိုက်တက်ကို ရွေးချယ်ရင်တော့ ၅၀-၅၀ ပဲလို့ ဆိုခဲ့ပါတယ်။

လီဗာပူးဟာ ဂိုးသမားသစ်တစ်ဦး ရှာဖွေနေဆဲဖြစ်ပြီး ဘုန်းမောက်အသင်းမှ ဖရေဆာ ဖော်စတာကို ခေါ်ယူဖို့ မျက်စိကျလာတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးဘက်က ကွင်းလယ်လူ ဖာနန်ဒင်ဟို ပါဝင်လာဖို့ မရှိဘူးလို့ မန်နေဂျာ ဂွာဒီယိုလာက ပြောပါတယ်။ တိုက်စစ်သမား မားရက်စ်ကတော့ အသင်းထံ ပြန်ရောက်နေပြီဖြစ်ပါတယ်။

တနင်္လာနေ့မှ အသင်းထရိန်နင်သို့ ပြန်လာမယ့် ဆာဒီယိုမာနေးက ပုံစံကောင်းတွေ ရှိနေလိမ့်မယ်လို့ ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ” ဆာဒီယိုက ၁၆ ရက် နားရက် ရထားတာပါ .. သူ ပုံစံကောင်းနဲ့ ရှိနေပါလိမ့်မယ်။ သူက သောက်သောက်စားစားလည်း မရှိဘူး။ အစားသောက်လည်း အလွန်အကျွံစားတာမျိုး မရှိဘူး။” လို့ ကလော့ပ်က ဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ ကော်တင်ညို အတွက် ကမ်းလှမ်းမှု တစ်ခု ရရှိထားကြောင်း သိရပါတယ်။ အင်္ဂလန်သို့ ပြန်သွားမယ်ဆိုရင် ကော်တင်ညို အနေနဲ့ ရွေးချယ်စရာ များများစားစား မရှိပါဘူး။ ချယ်ဆီး အပြောင်းအရွှေ့ ပိတ်ခံထားရတဲ့ အပြင် လီဗာပူးအသင်းက ပြန်ခေါ်ယူဖို့ဆိုတာ သိပ် ဖြစ်နိုင်ခြေ မရှိလှပါဘူး။

မန်စီးတီးမန်နေဂျာဂွာဒီယိုလာက ယာဂင်ကလော့ပ် ပြောသလို သူတို့ဟာ အပြောင်းအရွှေ့မှာ ငွေသုံးကြမ်းတယ်ဆိုတာက မမှန်ပါဘူးလို့ ငြင်းချက်ထုတ်သွားပါတယ်။

လီဗာပူးနဲ့ ချယ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ယူအီးအက်ဖ် စူပါဖလားပြိုင်ပွဲကို အမျိုးသမီး ဒိုင်လူကြီးက တာဝန်ယူသွားမှာဖြစ်ပါတယ်။ ဒါဟာ ယူအီးအက်ဖ်အေအဆင့် အမျိုးသားပြိုင်ပွဲတစ်ခုကို အမျိုးသမီးဒိုင်လူကြီးက ပထမဆုံးအကြိမ် တာဝန်ယူခြင်း ဖြစ်ပါတယ်။