အာဆင်နယ်အသင်းဟာ လိုင်လီတောင်ပံတိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီကို ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းပေးပြီး ခေါ်ယူထားခဲ့ပါပြီ။ အာဆင်နယ်က လက်ငင်း သန်း ၂၀ အရင်ပေးပြီးမှ ငါးနှစ် အရစ်ကျနဲ့ လက်ကျန်ငွေကို ဆက်လက် ပေးသွားမှာပါ။

ဒီနွေမှာ ပီပီကိုခေါ်ယူဖို့ ယာဂင်ကလော့ပ်ကလည်း ကြိုးစားခဲ့သေးပေမယ့် ပီပီဟာ လီဗာပူးအသင်းထံ ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေးကို ငြင်းဆန်ပယ်ချပါတယ်။ နည်းပြကလော့ပ်ရဲ့ လီဗာပူးအသင်းက ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်မပေးခဲ့ပဲ ဆာလက်၊ မာနေးတို့ရဲ့ နောက်မှာပဲ ပွဲထွက်ခွင့်ရမှာဖြစ်လို့ အာဆင်နယ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်တယ်။

လိုင်လီတိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီဟာ ကနဦးက နာပိုလီအသင်းနဲ့ သဘောတူညီမှု ရထားခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ အစီအစဉ် များနဲ့ အမ်းမရိတ်မှာ ပိုမိုတိုးတက်နိုင်မယ် ယူဆလို့ အာဆင်နယ်ကို ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း ၄င်းနဲ့ နီးစပ်သူ တစ်ဦးကလည်း အီတလီ သတင်းဌာနမှာ ဖွင့်ဟခဲ့ပါတယ်။

ပီပီဟာ အာဆင်နယ်ရဲ့ ညာခြမ်းတိုက်စစ်ကို တာဝန်ယူသွားဖွယ်ရှိပြီး လန်ဒန်အသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်းနဲ့အတူ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ ပီပီဟာ လီဂူး-၁ မှာ ၃၈ ပွဲကစား ၂၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။