အာဆင်နယ်တိုက်စစ်မှူး လာကာဇက်က ကလပ်အသင်းနဲ့အတူ အောင်မြင်မှုတွေရယူဖို့ မျှော်မှန်းထားပေမယ့် လာမယ့်ရာသီအတွက် အဓိက ရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

အာဆင်နယ်အသင်းဟာ နီကိုလပ်စ်ပီပီကို ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး ကွင်းလယ်လူ ဆီဘယ်လော့နဲ့ ခံစစ်မှူး ဆာလီဘာတို့ကိုလည်းခေါ်ယူထားပါတယ်။ ဆာလီဘာကို အငှားပြန်ချခဲ့ပြီး ဆဲလ်တစ်အသင်းမှ တီရာနေးကို ခေါ်ယူဖို့ ကြိုးစားနေဆဲပါ။

ပရီးမီးယားလိဂ် ချန်ပီယံဟောင်းအသင်းအနေနဲ့ ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ကို အဓိက ရည်မှန်းသင့်ပေမယ့် အဓိက ဆုဖလားတွေကို အရယူနိုင်ဖို့အတွက် ကာလတစ်ခုကြား အသင်းကို တည်ဆောက်ဖို့ အချိန်ယူရမယ်လို့ လာကာဇက်က ယူဆနေပါတယ်။ အာဆင်နယ်ဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။

လာကာဇက်က “ အာဆင်နယ်လို ကလပ်အသင်းကြီးဟာ ချန်ပီယံလိဂ်မှာ နှစ်တိုင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရနေသင့်ပါတယ်။ အာဆင်နယ်ကို ပြောင်းလာခဲ့တာကလည်း ဆုဖလားတွေ ကိုင်မြှောက်နိုင်ဖို့အတွက်ပါ။ အမြင့်မားဆုံးသော ဆုဖလား အောင်မြင်မှုတွေ ရယူလိုပါတယ်။ ဒါပေမဲ့ နှစ်တိုင်းမှာ ချန်ပီယံလိဂ်ဝင်နိုင်အောင်ပဲ အဓိက ကြိုးစားရပါမယ်။

ဆုဖလားကို စိန်ခေါ်ဖို့က အချိန်လိုပါတယ်။ ဒါကို ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်း သဘောပေါက်နေဖို့ လိုပါတယ်။ ဒါပေမဲ့ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို စိန်ခေါ်မှာပါ။ ဒီအခြေအနေမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပဲ ကြိုးစားရပါလိမ့်မယ် ” လို့ ဆိုခဲ့ပါတယ်။

လာကာဇက်ဟာ ရာသီကြိုမှာ ဒဏ်ရာအနည်းငယ် ရခဲ့သေးတာဖြစ်ပေမယ့် လက်ရှိမှာ အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ ပြန်လည် ပါဝင်လာနိုင်ပြီဖြစ်ပြီး အကောင်းဆုံး ပြန်လည်လေ့ကျင့်နေပြီဖြစ်ပါတယ်။