တိုက်စစ်ပိုင်းအားဖြည့်ဖို့ လီဗာပူးက ခေါ်ယူလိုကြောင်း သတင်းထွက်ထားဖူးတဲ့ ပြင်သစ်တိုက်စစ်သမား ရစ်ဘာရီဟာ အရှေ့အလယ်ပိုင်း ကလပ် တစ်သင်းသင်းထံ သွားရောက်ကစားဖို့ ချိတ်ဆက်မှုတွေ လုပ်နေပါတယ်။

တနင်္ဂနွေနေ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ လီဗာပူးမှာ တိုက်စစ်မှူးမာနေး ပါဝင်မှာ မဟုတ်ပါဘူး။ မန်စီးတီးဘက်မှာလည်း ဖနန်ဒင်ဟိုကလွဲလို့ လူစုံနေပါပြီ။ မန်စီးတီးကလည်း လူစာရင်းအပြည့် ထုတ်သုံးနိုင်ဦးမှာ မဟုတ်ပါဘူး။

ဘရာဇီးကလပ် အင်တာနေစီရွန်နယ်က မန်စီးတီးနဲ့ လီဗာပူး ဂိုးသမားတွေဟာ ကမ္ဘာထိပ်တန်း ဂိုးသမားတွေဖြစ်ပေမယ့် အယ်လီဆန်ကတော့ ကမ္ဘာအကောင်းဆုံး ဂိုးသမားပါလို့ သူ့အမြင်ကို ပြောပါတယ်။

လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်က ပရီးမီးယားလိဂ်ဟာ အခြားသော လိဂ်တွေထက် စောပြီး ကျင်းပခြင်းကို အနည်းငယ် စိတ်ပျက်နေပါတယ်။ ကစားသမားတွေဟာ ရာသီသိမ်းပြီး လက်ရွေးစင်ပွဲ ကစားခဲ့ရသလို ရာသီသစ်ကိုလည်း အခြားသော လိဂ်တွေထက် စောကစားရလို့ ကြံ့ခိုင်မှု ပြဿနာပေါ်မှာကို စိုးရိမ်နေပါတယ်။

လီဗာပူးတိုက်စစ်သမားတွေဖြစ်တဲ့ ဖာမင်နို၊ ဆာလက်၊ မာနေးတို့ဟာ ခွင့်အနည်းငယ်ပဲ ရကြပြီး အထူးသဖြင့် မာနေးက ခွင့် ၁၆ ရက်ပဲရတာက ကစားသမားတွေရဲ့ ပွဲပြန်ကစားဖို့ အကောင်းဆုံး အနေအထားကို မကျစေဘူးလို့ ကလော့ပ်က ပြောပါတယ်။ သူက ဒီကစားသမားတွေ ရာသီ အစမှာတင် ပွဲထွက်နိုင်လောက်တယ်လို့ အရိပ်အမြွက် ပြောလာပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ကြီး ၆ ကြီးအသင်းတွေမှာ ကမ္ဘာအနှံ့ ခရီးအထွက်ရဆုံးက ယူနိုက်တက်ဖြစ်ပြီး အနည်းဆုံးက လီဗာပူးဖြစ်တယ်။ အသင်း ၆ သင်းဟာ စုစုပေါင်း ခရီးမိုင် ၈၇၉၄၆ မိုင် ထွက်ခွာထားပါတယ်။

လီဗာပူးလူငယ်တိုက်စစ်မှူး ဘရူးစတားကတော့ သူဟာ ဖာမင်နို၊ ဆာလက်၊ မာနေးတို့ကိုကျော်ပြီး ပွဲထွက်ခွင့် များများမရနိုင်ဘူးဆိုတာ နားလည် ထားပေမယ့် ကိုယ်ရဲ့အခွင့်အရေးကို အရယူဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုပါတယ်။

လာမယ့်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို မန်စီးတီးနဲ့ လီဗာပူးတို့ပဲ ထပ်မံ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယာဂင်ကလော့ပ်ရဲ့ အသင်းထက် စာရင် ဂွာဒီယိုလာကပဲ သုံးကြိမ်ဆက် ချန်ပီယံဖြစ်ဖို့ ပိုနီးစပ်နေတယ်လို့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ခန့်မှန်း သွားပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကတော့ မနှစ်ကရာသီ ချန်ပီယံလိဂ်ဖလားကို အောင်မြင်ခဲ့ပြီးနောက် နောက်ထပ် ဆုဖလားတွေ အနိုင်ရဖို့ ရည်ရွယ်နေပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးကပဲ ရေပန်းစားနေဆဲပါလို့ ဆိုပါတယ်။

လီဗာပူး၊ ယူနိုက်တက်တို့နဲ့ သတင်းထွက်ထားဖူးတဲ့ ပီအက်ဗီ တောင်ပံသမား ဘာဝီဂျင်ကို ခေါ်ယူဖို့အတွက် လာလီဂါကလပ် ဆီးဗီးလာ အသင်းက ပေါင် ၂၃ သန်းတန် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပြီး ငြင်းဆန်ခံခဲ့ရပါတယ်။